Pages

Tuesday, October 15, 2013

ရန်ကုန်ဗုံးသတင်း နောက်ဆုံးရအခြေအနေ (နံနက် ၂း၃၀)


RangonNewsDaily:: October. 15 .2013
အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ခွဲခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Traders ဟိုတယ် ကိုးလွှာ၊ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တည်းခိုနေသူ အမေရိကန် နိုင်ငံခြားသား မိသားစုမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ သွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။ဒဏ်ရာရရှိသူ မစ္စစ် Piaiorst (အသက် ၄၃ နှစ်) သည် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့ ည ၁၁ နာရီမိနစ် ၄၀ တွင် ရောက်ရှိလာပြီး ၀ဲပေါင်၊ ၀ဲတင်ပါး၊ ယာလက်ဖျံ၊ ၀ဲနောက်ကျော စုတ်ပြဲဒဏ်ရာများ ရရှိသွားကြောင်း၊ လက်ရှိတွင် စိုးရိမ်စရာ မရှိကြောင်း ရန်ကုန်ဆေးရုံကြီး မှုခင်းတာဝန်ရှိသူ တစ်ဦးက ည ၁၂ နာရီခန့်တွင် ပြောကြားသည်။
::
လက်ရှိတွင် ဗုံးပေါက်ကွဲမှု ကောလာဟလ သတင်းများ လျင်မြန်စွာ ပြန့်နှံ့နေသည့် အတွက် အလျင်အမြန် သတင်းထုတ်ပြန်ပေးပါရန် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးတို့ကို သတင်းထောက်များက အောက်တိုဘာ ၁၅ ရက် ၀၀း၄၅ အချိန်တွင် မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ချေ။ ည ၁၂ နာရီခွဲ ခန့်တွင် တပ်မတော် အင်ဂျင်နီယာတပ်ရင်း ဗုံးရှင်းလင်းရေး တပ်ဖွဲ့မှ အနံ့ခံ ဗုံးရှာဖွေရေး ခွေးများဖြင့် Traders တစ်ဝိုက်တွင် ဆက်လက် ရှာဖွေနေကြောင်း သိရသည်။
::
အမှတ် ၉၀၅ တပ်မတော် အင်ဂျင်နီယာတပ်မှ တပ်မတော်သား တစ်ဦးက ''လက်ရှိအချိန်အထိ နောက်ထပ်ဗုံးတွေ မတွေ့ရပါဘူး။ ဆက်လက် ဆောင်ရွက်နေပါတယ်'' ဟု အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီတွင် ဖြေကြားသည်။
::
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အခန်းတွင် ဒဏ်ရာရရှိသူ အမျိုးသမီးနှင့်အတူ ၎င်း၏ခင်ပွန်းနှင့် ကလေးနှစ်ဦးသည် အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီက စတင်တည်းခို နေထိုင်ခဲ့ခြင်းဖြစ်သည်။
::
လက်ရှိတွင် တရားခံ ဖမ်းဆီးရမိရေး အတွက် Traders ဟိုတယ်တွင် တည်းခိုသူ ဧည့်သည်များ၏ အချက်အလက်များနှင့် ဟိုတယ် အ၀င်အထွက် မှတ်တမ်းများကို CCTV ကင်မရာမှတစ်ဆင့် စစ်ဆေးလျက်ရှိသည်။

Eleven Media ::-- kolatt(PBDN)
RangonNewsDaily


See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment