Pages

Wednesday, July 31, 2013

ဗဟိုဘဏ်ဥက္ကဌနဲ့ ဒုဥက္ကဌသစ်တွေကို လွှတ်တော်က အတည်ပြု

RangonNewsDaily:: July 31, 2013

နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဥက္ကဌ နဲ့ ဒုဥက္ကဌ (၃) ဦးကို ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုလိုက်ပါတယ်။ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နာယက ဦးခင်အောင်မြင့်က အတည်ပြုကြောင်း ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌအဖြစ် ၁၉၉၇ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ်အထိ ဗဟိုဘဏ်ဥက္ကဌ တာဝန်ယူခဲ့ဖူးတဲ့ ဦးကျော်ကျော်မောင်နဲ့ ဒုဥက္ကဌ (၃) ဦးအဖြစ် ဦးဆက်အောင်၊ ဦးသန်းငြိမ်းနဲ့ ဒေါ်ခင်စောဦးတို့ကို တာဝန်ပေးခန့်အပ်လိုက်တာပါ။

မြန်မာနိုင်ငံရဲ့ ဗဟိုဘဏ်ဟာ ယခင်က သီးခြားလွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်မရှိခဲ့ပဲ အစိုးရရဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီး ဌာနအောက်မှာ ရှိခဲ့တာပါ။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တော့ အပြောင်းအလဲတွေ လုပ်ဆောင်လာရာမှာ ဗဟိုဘဏ်ကိုလည်း သီးခြားလွတ်လပ်တဲ့အဖွဲ့အဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

ဗဟိုဘဏ်အကြီးအကဲတွေ ခန့်အပ်နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတရုံးက ပြီးခဲ့တဲ့ ဇူလိုင်က ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့ခဲ့တာပါ။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိဘဲ တခဲနက်သဘောတူအတည်ပြုတာလည်း ဖြစ်ပါတယ်။

 RFA Burmese, RangonNewsDaily
kolatt (Pabedan): 31.7.2013

0 comments:

Post a Comment