Pages

Wednesday, July 31, 2013

လက်ပံတောင်းတောင်ပြဿနာ နိဂုံးချုပ်ပြီလား စက်တင်ဘာတွင် ကြေးနီစီမံကိန်း ပြန်လည်စတင်မည်


RangonNewsDaily:: July 31, 2013

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြသည်အ ထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကား လာမည့်စက်တင်ဘာတွင် ပြန်လည်စတင်တော့မည်ဖြစ်သည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာထွက်ရှိပြီး လေးလကျော်အကြာတွင် လုပ်ငန်းသဘော တူစာချုပ်အသစ်ကို ပြင်ဆင်ချုပ်ဆိုခဲ့သည်။

လျော်ကြေးငွေများကို ၄၀ ရာခိုင်နှုန်းကျော် ပေးအပ်နိုင်ခဲ့ပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကွင်းဆင်းဆောင်ရွက်နေကြောင်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင် ရွက်မည့် ကော်မတီက ဆိုသည်။

သို့ရာတွင် ဒေသခံအချို့ကမူ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး ကို တောင်းဆိုနေကြဆဲ။ စီမံကိန်းဖျက်သိမ်းရေး ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ခဲ့ကြသည့် သံဃာတော်များကို ဒဏ်ရာရရှိစေသည့်အထိ အင်အားသုံးဖြိုခွဲခဲ့မှုကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုနေကြဆဲ ဖြစ်သည်။

နိုင်ငံတော်အကျိုးစီးပွား၊ ဒေသခံပြည်သူများ၏ လူမှုဘ၀ အာမခံချက်များ ရရှိစေရန် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၀င်ရောက်လာ မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် စံပြအဖြစ် ဆောင်ရွက် သွားမည်ဟုလည်း အကောင်အထည်ဖော်ရေးကော်မတီက ဆိုသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း ပြင်ဆင်ပြီးပြီ၊ နောင်ဆိုရင် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး (Labour Right) ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အဂတိလိုက်စားမှုကင်းဖို့ ဒီအပိုင်းလေးပိုင်းကို အခြေခံသွားမှာပါ။ မျက်စိပိတ်လက်ခံလို့ မရတော့ဘူး” ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီဝင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က နောင်လာမည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။

ဇူလိုင် ၂၄ ရက်တွင် အသစ်ပြင်ဆင်ချုပ်ဆိုခဲ့သည့် စာချုပ်သစ်အရ ကြေးနီစီမံ ကိန်း အကျိုးအမြတ်များကို သတ္တုတွင်းဝန်ကြီးဌာနက အခွန်အပါအ၀င် ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်းနှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း ခွဲဝေရရှိမည် ဖြစ်သည်။ ထို့အပြင် အမေရိ ကန် ဒေါ်လာ ၅ သန်းကိုလည်း စာချုပ်ချုပ်ဆိုနိုင်မှု ဆုကြေးအဖြစ် မြန်မာဝမ် ပေါင်ကုမ္ပဏီထံမှ သတ္တုတွင်း ၀န်ကြီးဌာနက ထပ်မံရရှိမည်ဖြစ်သည်။

ထုတ်လုပ်မှု မစတင်မီနှင့် တည်ဆောက်ရေးကာလအတွင်း ဒေါ်လာနှစ်သန်းကို လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၀မ်ပေါင်ကုမ္ပဏီက နှစ်စဉ်သုံးစွဲသွားမည် ဖြစ်သည်။ ထုတ်လုပ်မှု စတင်ချိန်တွင်လည်း အဖွဲ့ဝင် ကုမ္ပဏီများမှ အချိုးကျထည့်ဝင်၍ အကျိုးအမြတ်၏ ၂ ရာခိုင်နှုန်းကို လူမှုဖွံ့ဖြိုးရေးလုပ်ငန်း (CSR) များ ဆောင်ရွက်ရန် နှစ်စဉ်သုံးစွဲသွားမည် ဖြစ်သည်။

စာချုပ်သစ် ပြန်လည်ပြင်ဆင်ချုပ်ဆိုရာတွင် သတ္တုတွင်းဝန်ကြီးဌာနက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့၍ ၀င်ရောက်ပြောရေးဆိုခွင့် ရရှိသွားပြီဟုလည်း ကော်မတီက ဆိုသည်။

သို့ရာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကမူ စာချုပ်အသစ်ကို ဒေသခံများ နားလည်အောင် ကြိုတင်ရှင်းပြပြီး လက်ခံမှသာ ပြင်ဆင်ချုပ်ဆိုသင့်သည်ဟု ပြောကြားထားသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုယ်တိုင် စာချုပ်အသစ်ချုပ်ဆိုပြီးမှသာ သိရှိရသည်ဟုလည်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

စာချုပ်အသစ်နှင့် အကောင်အထည်ဖော်ရေးကော်မတီ ဆောင်ရွက်မှုများကို “အဲဒီစာချုပ်ကို ဘယ်သူကမှ လာမရှင်းပြဘူး။ လျော်ကြေးပေးတာကလည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ သဘောမတူပါဘူး” ဟု ကြေးနီစီမံကိန်း ရုပ်သိမ်းရေးကိုတောင်းဆိုနေသော
ဒေသခံအမျိုးသမီးတစ်ဦးက ဝေဖန်ပြောဆိုသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆောင်ရွက်ရန် မူလက မြေဧကပေါင်း ၇၀၀၀ ကျော် သိမ်းယူခဲ့သည်။ နောက်ပိုင်း ကွင်းဆင်းတိုင်းတာချက်များအရ စီမံကိန်းဆောင်ရွက်ရန် ဧက ၆၉၀၀ ကျော်သာ လိုအပ်မည် ဖြစ်သည်။

မလိုအပ်သော မြေဧက ၉၀၀ ကျော်တွင် ဧက ၂၈၀ ကို ဒေသခံများသို့ ပြန်ပေးအပ်ရမည်ဖြစ်ပြီး ဇူလိုင်လ နောက်ဆုံး
ပတ်အထိ ဧက ၂၃၀ နီးပါးကို ပြန်ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု အကောင်အထည်ဖော်ရေးကော်မတီက ပြောကြားသည်။

ထို့အပြင် မြေဧကပေါင်း ၂၈၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း ၂၉၀၀၀ ကျော်ကို လျော်ကြေးငွေအဖြစ် ပေးအပ်ခဲ့ပြီး ဆက်လက်ပေးလျော်နေဆဲဟု အကောင်အထည်ဖော်ရေးကော်မတီမှ သိမ်းဆည်းမြေယာစိစစ်ရေး အဖွဲ့ခေါင်းဆောင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ပြောကြားသည်။

လျော်ကြေးငွေများကို မြေအမျိုးအစားအပေါ် မူတည်၍ တစ်ဧကလျှင် ကျပ်ဆယ်သိန်းမှ ကျပ် ၁၅ သိန်းအထိ ပေးလျော်ခဲ့သည်။ သို့ရာတွင် လျော်ကြေးငွေများကို ရယူရန် ငြင်းဆိုနေသော ဒေသခံများ ကျန်ရှိနေဆဲ ဖြစ်သည်။

“လျော်ကြေးလဲ မလိုဘူး။ ကျွန်မတို့ တစ်သက်လုံးလုပ်ကိုင် စားလို့ရတဲ့ မြေတွေပါ။ ဒီစီမံကိန်းလုံးဝဖျက်သိမ်းဖို့ကို တောင်းဆိုမှာပါ” ဟု တုံရွာဒေသခံတစ်ဦးက ပြောသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအတွက်လည်း သြစတြေးလျနိုင်ငံအခြေစိုက် Knight Pie'sold (K.P) ကုမ္ပဏီနှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်၊ ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာများကို ညှိနှိုင်းရေးဆွဲပြီးဖြစ်သည် ဟု ကော်မတီက ဆိုသည်။

ဒေသခံများ စိုးရိမ်ပူပန်နေကြသော စီမံကိန်းဒေသအတွင်းရှိ သာသနိကအဆောက်အအုံ သုံးလုံးကိုလည်း ရွှေ့ပြောင်းတည်ဆောက်နိုင်ရန် ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူသွားမည် ဖြစ်သည်။

ကန့်ကွက်ဆန္ဒပြမှုများကြောင့် ရပ်နားထားခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စက်တင်ဘာလတွင် ပြန်လည်စတင်နိုင်ရန် စီစဉ်ထားသည်။ စမ်းသပ်ကာလ၌ တန်ချိန်လေးသောင်းမှ တစ်သိန်းအထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။

“ကြေးနီစီမံကိန်းပြန်လည် စတင်တော့မည်ဖြစ်၍ ဒေသခံများ အကျိုးရှိမည်ဟု မျှော်လင့်ယုံကြည်ထားသည်ဟု မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာမစ္စတာဂန်းရီက ဆိုသည်။

သို့သော် ယခုထိ လျော်ကြေးလည်း မယူ၊ ရွာသစ်များသို့လည်း မရွှေ့ပြောင်းသော ဆည်တည်းကျေးရွာကဲ့သို့ ဒေသခံများ ကျန်ရှိနေဆဲ။ ကန့်ကွက်ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်နေကြဆဲ ဖြစ်သည်။ အစီရင်ခံစာထွက်ရှိသည့် မတ်လမှ ယနေ့အထိ ဆန္ဒထုတ်ဖော်မှု ၆၉ ကြိမ် ဖြစ်ပွားခဲ့သည်။ တရားဝင်ခွင့်ပြုချက်ဖြင့် ၂၀ ကြိမ် ခွင့်ပြုချက်မရှိဘဲ ၄၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းအနက် ၁၈ မှုကို အမှုဖွင့်အရေးယူထားသည်။

ယင်းကန့်ကွက်မှုများနှင့် ပတ်သက်၍ အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ဒေသအသီးသီးမှ နိုင်ငံရေးအရောင်ဆိုးသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆောင်ရွက်ရသည့် လုပ်ငန်းများကို ပွင့်လင်းမြင်သာမှုရှိအောင် မလုပ်နိုင်ကြောင်း ဇူလိုင် ၂၆ ရက် ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

မတ်လ ၁၁ ရက်က နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အဘက်ဘက်မှ အားနည်းချက်များကို ပြုပြင်စေကာ စာချုပ်အသစ် ပြန်လည်ချုပ်ဆို၍ စီမံကိန်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။

ဗြဟ္မာ့ဦးခေါင်းနှင့် ခိုင်းနှိုင်းခံရသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ပြဿနာများကြားမှ မကြာမီပြန်လည် စတင်တော့မည်။

လက်ပံတောင်းအရေး ဦးဆောင်ခဲ့သော ရှင်မတောင်ဆရာတော် ဦးက၀ိန္နောဘာသကမူ “အရင်ကတည်းက ပြောခဲ့ပါတယ်။ စာချုပ်ကို ဒေသခံတွေနဲ့ သက်ဆိုင်ရာ ညှိနှိုင်းပြီး ပြန်ဆွဲသင့်တယ်လို့။ ပြည်သူတွေရဲ့ ကိစ္စကို သူတို့ဆန္ဒမပါဘဲလုပ်တာ မသင့်တော်ဘူး။ တရားမ၀င်ပါဘူး” ဟု မိန့်ကြားသည်။

အားနည်းချက်များကို ပြင်ဆင်၍ ကြေးနီစီမံကိန်း ပြန်လည် ဆောင်ရွက်ရန် အကြံပြုခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စီမံကိန်းရပ်ဆိုင်းလိုက်ပါ က ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်ကို ပြောခဲ့ဖူးသည်။ စီမံကိန်းရပ်ဆိုင်း လိုက်ပါကလည်း ပျက်စီးသည့် မြေသည် ပျက်စီးသည့်အတိုင်း လယ်ယာမြေမရှိသူသည် မရှိသည့်အတိုင်းသာ ကျန်ရစ်မည်ဖြစ်ပြီး မြန် မာနိုင်ငံအနေဖြင့် စီးပွားရေးအရ နိုင်ငံတကာ၏ ယုံကြည်မှု ကျဆင်းသွားမည်ဖြစ်၍ တိုင်းပြည်အကျိုးမရှိနိုင်ကြောင်း မတ်လမုံရွာ လက်ပံတောင်းတောင် ခရီးစဉ်အတွင်း၌ ပြောကြားခဲ့သည်။

Photo- Nyein Chan Naing (EPA)
ရေးသားသူ- အောင်ခိုင်
7Day News ,RangonNewsDaily
kolatt (Pabedan): 31.7.2013

0 comments:

Post a Comment