Pages

Wednesday, July 31, 2013

အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုရန် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှကားများ တင်သွင်းခွင့်ပြုထားပြီး ကားအချို့ စတင်ရောက်ရှိ

AA-31-7
ပြည်ပနိုင်ငံများမှ တင်သွင်းခွင့်ပြုပြီး ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကားများကို တွေ့ရစဉ်

RangonNewsDaily:: July 31, 2013
အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှ ကားများတင်သွင်းခွင့် ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား ပြည်ပနိုင်ငံများမှ ယင်းသို့တင်သွင်းလာသည့် ကားများအနက် အဆင့်မီသည့် ကားများကို ပြန်လည်ရွေးချယ်ကာ ပြေးဆွဲစေမည်ဖြစ်ကြောင်း သိရသည်။

"ကားတွေကိုတော့ ပြည်ပနိုင်ငံစုံက တင်သွင်းခွင့် ပြုထားတယ်။ ရောက်ရှိလာတဲ့ ကားတွေထဲကမှ အကုန်လုံးကိုလည်း အဲဒီမှာ ပြေးဆွဲမယ်လို့တော့ မဟုတ်ဘူး။ အဆင့်မီတဲ့ ကားတွေကို စိစစ်ရွေးချယ်ပြီး ပြေးဆွဲစေမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။

ယခု ပုဂ္ဂလိက ကုမ္ပဏီအချို့က တင်သွင်းသည့် ပြည်ပမှ ကားအချို့ ရန်ကုန်ဆိပ်ကမ်းသို့ စတင်ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ထပ်မံ၍လည်း ကားများရောက်ရှိ လာဦးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ခရီးသည်များ ဘတ်စ်ကားများ စီးနင်းရာတွင် အချိန်ကြာမြင့်စွာ စီးနင်းနေရပြီး လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ထို့အတွက် ခရီးသည်များ အချိန်ကုန် သက်သာစေရန် ရည်ရွယ်၍ အမြန်ဘတ်စ်ကားလိုင်း စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမြန် ဘတ်စ်ကားလိုင်း စနစ်အား လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူ လုပ်ကိုင်စေမည်ဖြစ်ပြီး အမြန်ဘတ်စ်ကားများတွင် ခရီးသည်များ သက်သောင့်သက်သာ စီးနင်းနိုင်ရန် စီစဉ်ပေးမည့်အပြင် အဲကွန်းလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ကားစီးနင်းခ နှုန်းထားကိုလည်း ခရီးသွားပြည်သူများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေမည့် ဈေးနှုန်းများဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် မှတ်တိုင်များ သီးခြားသတ်မှတ်ခြင်း၊ မီးပွိုင့်များ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်သွားရမည်ဖြစ်ပြီး အမြန်ဘတ်စ်ကားလိုင်းမှာ သုံးမိနစ်ခြားတစ်စီး ပြေးဆွဲမည်ဖြစ်ကြောင်း၊ လမ်းကြောင်းအနေဖြင့် ပြည်လမ်းအား ပဏာမ ရွေးချယ်ထားပြီး ခရေပင်လမ်းခွဲမှ မြို့ထဲအထိ စတင်ပြေးဆွဲရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

Eleven Media ,  RangonNewsDaily
kolatt (Pabedan): 31.7.2013

0 comments:

Post a Comment