Pages

Wednesday, July 31, 2013

ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျှောက်ရှိ ကမ်းနားဇုန်တွင် အသစ်ဆောက်မည့် အဆောက်အအုံများကို အမြင့်ပေ ကန့်သတ်သွားရန် စီစဉ်နေ

7.28.18
ကမ်းနားလမ်းတွင် ဆောက်လုပ်ထားသည့် အထပ်မြင့် အဆောက်အအုံ အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

RangonNewsDaily:: July 31, 2013
ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျှောက်ရှိ ကမ်းနားဇုန်တွင် အသစ်ဆောက်မည့် အဆောက်အအုံများအား အမြင့်ပေ ကန့်သတ်ချက် ထုတ်ပြန်သွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယင်းသို့ အမြင့်ပေ ကန့်သတ်ချက် ထုတ်ပြန်သွားရန် အတွက် အဆိုပြုချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီး အစိုးရအဖွဲ့မှ ခွင့်ပြုပါက ယင်းဇုန်တွင် အများဆုံး အမြင့်ပေ မည်မျှ ဆောက်လုပ်ရမည် ဆိုသည်ကို ကန့်သတ်ချက်များ ထွက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ကန့်သတ်ချက် ထုတ်ပြန်မည့် ဧရိယာမှာ ကမ်းနားလမ်း တစ်လျှောက်၏ ဗိုလ်တထောင်မြို့နယ် အစပ်နားမှ ပန်းဘဲတန်းမြို့နယ် လသာမြို့နယ် ၀န်းကျင်အထိ အကျုံးဝင် နိုင်မည့် အနေအထား ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ကန့်သတ်ချက် ထုတ်ပြန်ရန် စီစဉ်နေခြင်းမှာ ရန်ကုန်မြစ်တစ်လျှောက် မြစ်ဝအနီးမှ ကြည့်ရှုပါက ရန်ကုန်မြို့တွင်းနှင့် ရွှေတိဂုံစေတီတော် မြင်ကွင်းများတွင် အထပ်မြင့် အဆောက်အအုံများ နှင့်ပိတ်ဆို့မှု မရှိစေရန် အဓိကရည်ရွယ်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

''ကမ်းနားလမ်း တစ်လျှောက်မှာ ကမ်းနားဇုန်ဆိုပြီး အဲဒီမှာ အသစ်ဆောက်မယ့် အဆောက်အအုံတွေကို အမြင့်ပေ ဘယ်လောက်အထိ ဆောက်ရမယ်ဆိုတာ အဆိုပြုချက် တင်ထားတယ်။ အဲဒီအဆိုပြုချက် ခွင့်ပြုချက် ကျလာရင်တော့ လုပ်သွားမှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကမ်းနားလမ်း တစ်လျှောက်ရှိ ရန်ကုန်မြစ် ကမ်းနဖူးဘက် အခြမ်းတွင် အဆောက်အအုံများ ပုဂ္ဂလိကပိုင် အဆောက်အအုံများအား ဆောက်လုပ်ခွင့်ပြုမှု နည်းပါးပြီး အစိုးရဌာန ဆိုင်ရာ အဆောက်အအုံများကိုသာ ဆောက်လုပ်ခွင့် ပြုထားခြင်း ဖြစ်ပြီး တစ်ဖက်အခြမ်းတွင်သာ ပုဂ္ဂလိကပိုင် အဆောက်အအုံ အများအပြားကို ဆောက်လုပ်ခွင့် ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media ,  RangonNewsDaily
kolatt (Pabedan): 31.7.2013

0 comments:

Post a Comment