Pages

Tuesday, April 9, 2013

Facebook Home ကို မာ့ခ်ဇက်ကာဘာ့ဂ် စတင်မိတ်ဆက်

Planet, Posted on Apr 05 13 - 02:57 PM 

နာမည်ကျော် Social Networking ဝက်ဘ်ဆိုက်ကြီးသည် မိုဘိုင်းလ်ဖုန်း နယ်ပယ်သို့ ၎င်းတို့ ပါဝင်စွက်ဖက်လာနိုင်ကြောင်း အမျိုးမျိုးသော ကောလာဟလများနှင့် ဆက်စပ်သည့် ပထမဆုံး ခိုင်ခိုင်မာမာ ခြေလှမ်းကို စတင်ပြလာခဲ့သည်။

Facebook Home ကို မာ့ခ်ဇက်ကာဘာ့ဂ် စတင်မိတ်ဆက်

Facebook သည် Android OS ပေါ်တွင် အခြေခံ ရေးဆွဲထားသည့် Software Interface တစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ကြာသပတေးနေ့က နာမည်ကျော် Social Networking ဝက်ဘ်ဆိုက်ကြီးသည် မိုဘိုင်းလ်ဖုန်း နယ်ပယ်သို့ ၎င်းတို့ ပါဝင် စွက်ဖက်လာနိုင်ကြောင်း အမျိုးမျိုးသော ကောလာဟလများနှင့် ဆက်စပ်သည့် ပထမဆုံး ခိုင်ခိုင်မာမာ ခြေလှမ်းကို စတင်ပြလာခဲ့သည်။ အဆိုပါ မိုဘိုင်းလ်ဖုန်း Software Package ကို Facebook Home ဟု အမည်ပေးထားပြီး ၎င်းသည် သဘော သဘာဝအားဖြင့် Google ၏ Android OS စနစ်ကို Facebook အသုံးပြုရ ပိုမိုလွယ်ကူအောင် ချိတ်ဆက်ကူးပြောင်းပေးမည် ဖြစ်သည်။

Facebook ၏ ဖန်တီးမှုအရ Android ၏ Interface အပိုင်းကို ပြောင်းလဲမှုအချို့ ပြုလုပ်ပြီး မိုဘိုင်းလ်ဖုန်း၏ Screen နောက်ခံသည် အသုံးပြုသူ၏ Facebook စာမျက်နှာ အသွင် ပြောင်းလဲနေမည် ဖြစ်သည်။ အင်တာနက် ချိတ်ဆက်ထားချိန်တွင် Facebook ပေါ်၌ ပြောင်းလဲနေသော Status များ၊ Message များကို အလွယ်တကူ ကြည့်ရှုနိုင်ရန် Facebook Home ကို ဖန်တီးထားခြင်းဟု သိရှိရသည်။ Facebook၏ News Feed များသည် ဖုန်းကို ဖွင့်လိုက်ချိန်တွင် တန်း၍ ဖတ်ရှုနိုင်လောက်အောင် ဖန်တီးထားမည် ဖြစ်သည်။

ထို့အပြင် Screen ပေါ်တွင်လည်း Facebook ကို လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်မည့် Touchscreen Home Button တစ်ခုကို Software က ထည့်သွင်းပေးထားပြီး အဆိုပါ အခြေအနေကြောင့် Facebook ကို မိုဘိုင်းလ်ဖုန်းဖြင့် အသုံးပြုရာတွင် ပိုမို လွယ်ကူ အဆင်ပြေစေမည် ဖြစ်သည်။ Facebook သည် ပိုမိုကောင်းမွန်သည့် မိုဘိုင်းလ်ဖုန်း Social Networking အတွေ့အကြုံအတွက် အပြစ်အနာအဆာ နည်းသထက်နည်းသည့် ဖန်တီးမှုများဖြင့် Facebook Home ကို ဖန်တီး မိတ်ဆက်ထားကြောင်းလည်း ဆိုသည်။

Facebook ၏ ပဲ့ကိုင်ရှင်ဖြစ်သော မာ့ခ်ဇက်ကာဘာ့ဂ်က "ဒီနေ့ ကျွန်တော်တို့ရဲ့ ဖုန်းတွေဟာ App တွေကို လိုက်ပြီး ဒီဇိုင်း ပြောင်းလဲနေတာပါ။ လူတွေအကြိုက် ပြောင်းလဲနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီ အခြေအနေကို ပြောင်းပြန် လှန်ပစ်လိုက်ချင်တယ်"ဟု ပြောကြားခဲ့သည်။ Facebook Home ကို အသုံးပြုခွင့်အား Google Play Storeတွင် ဧပြီလ (၁၂)ရက်နေ့မှ စတင်ကာ ဖုန်းအမျိုးအစား (၄)ခုအတွက် Download လုပ်ခွင့် ပေးသွားမည်ဟု သိရသည်။ HTC နှင့် Samsung တို့မှ ထုတ်လုပ်ထားသည့် ဖုန်း(၄)မျိုးအပြင် ယင်း Software ကြိုတင် သွင်းထားပြီးဖြစ်သည့် HTC First အမျိုးအစား မိုဘိုင်းလ်ဖုန်း အသစ်ကိုလည်း စတင် ရောင်းချရန် စီစဉ်ထားသည်။

Facebook ကမူ မိမိတို့၏ နည်းပညာသည် Android ၏ ရပ်တည်မှုကို ထိခိုက်စေမည် မဟုတ်ဘဲ Android အသုံးပြုမှုကို ပိုမိုကောင်းမွန် ပြည့်စုံလာစေရန် ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုထားသည်။ ဇက်ကာဘာ့ဂ်က "ကျွန်တော်တို့ လုပ်ပြချင်တာက လူတိုင်းအတွက် သင့်တော် အဆင်ပြေမယ့် အရာတစ်ခုခုကို တည်ဆောက်လိုက်တယ် ဆိုတာမျိုးလောက်ပါ" ဟု ပြောကြားခဲ့သည်။ 

HTCသည် Facebook Home ကို စတင် အသုံးပြု ရောင်းချခွင့် ရသော်လည်း AT&T သည် အခြားသော မိုဘိုင်းလ်ဖုန်း အမျိုးအစား အချို့တွင်လည်း အဆိုပါ Software ကို ထည့်သွင်းရောင်းချခွင့်အတွက် Facebook နှင့် ညှိနှိုင်း ခွင့်ပြုသွားဖွယ် ရှိနေသည်။

HTC သည် Facebook နှင့် နည်းပညာပိုင်း ပူးပေါင်းမှုအတွက် ယခင်ကတည်းက အရဲကိုး စမ်းသပ်မှုအဖြစ် HTC Cha Cha အမည်ရှိ မိုဘိုင်းလ်ဖုန်းကို တီထွင်ခဲ့ဖူးသည်။ ထိုစဉ်က Facebook ကို လွယ်ကူစွာ အသုံးပြုနိုင်ရန် ဖုန်းကိုယ်ထည်တွင် ခလုတ်တစ်ခု တပ်ဆင်ပြီး ဈေးကွက်သို့ ဖြန့်ခဲ့သော်လည်း လူကြိုက်နည်းကာ အရောင်းမတွယ်ကျယ်ခဲ့ဟု သိရှိရသည်။

Source: NY Times

Source: NY Times, Rangonnewsdaily
RND:9.4.2013

0 comments:

Post a Comment