Pages

Tuesday, April 9, 2013

ဒုတိယအကြိမ် ၄၅ မိနစ် ပြုလုပ်ခဲ့သည့် ဘိုကလေးဈေး စတေကာကမ်ပိန်း

ဧပြီလ ၉ ရက် ၂၀၁၃

ရန်ကုန်မြို့ ဘိုကလေးဈေးရှေ့တွင် ကျွန်ုပ်ကြောင့် ဘာသာရေးလူမျိုးရေး ပဋိပက္ခမဖြစ်စေရဆိုသည့် ဒုတိယအကြိမ်မြောက် စတေကာကမ်ပိန်းကို ဧပြီလ(၉)ရက်နေ့က အရပ်ဖက်လူ့အဖွဲ့အစည်းများ စုစည်ထားသည့် Pay for Myanmar အဖွဲ့မှ လိုက်လံဝေငှခဲ့ကြသည်။အဆိုပါ ကမ်ပိန်းကိုအရပ်ဖက်အဖွဲ့အစည်း (၇)ဖွဲ့ခန့်မှ လူဦးရေ(၃၀)ခန့်ဖြင့် ဘိုကလေးဈေးရှေ့ တစ်နေရာ တည်း၌ပင် (၄၅)မိနစ်ကြာ လိုက်လံဝေငှခဲ့ခြင်းဖြစ်သည်။ “မငြိမ်မသက်ဖြစ်နေတာတွေ အားလုံးကို ဘယ်လူငယ်မှ လက်သင့်မခံဘူးဆိုတဲ့ ကိစ္စကို ပြသချင်တယ်။ လူတွေတစ်ယောက်နဲ့ တစ်ယောက် မယုံသင်္ကာဖြစ်နေတဲ့ ကိစ္စတွေ လျော့သွားမယ်လို့ ခံစားရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကပ်ပေးခြင်းဖြစ်တယ်၊ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်တဲ့ ကိစ္စက အဖြေမဟုတ်ပါဘူး။ အေး အေးချမ်းချမ်းနဲ့ ဖြေရှင်းလို့ရမယ့် နည်းလမ်းကို အရင်ဆုံးရှာဖွေဖို့ လိုပါတယ်” Myanmar Y.E.P ကိုသက်ဆွေဝင်းက ပြောသည်။

စတေကာ အခု(၂၀၀၀)ခန့်ကို ပြည်သူများလက်ထဲ ဝေငှခြင်း၊ ဈေးဆိုင်ခန်းများတွင် ကပ်ပေးခြင်း၊ ကားများကို ခွင့်တောင်း၍ ကပ်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းကိုလည်း တွေ့ရှိရသည်။

“ဒီကနေတဆင့် တပြည်လုံးအတိုင်းအတာနဲ့ ပြည်သူတွေကတဆင့် ငြိမ်းချမ်းစွာနေခြင်ကြတယ်ဆိုတာ ကိုပြနိုင် ရင် ပဋိပက္ခဖြစ်အောင်ဖန်တီးနေတဲ့ သူတွေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြည်သူတစ်ပိုင်း သတ်သတ်စီ ကွဲသွား မယ်လို့ထင်တယ်။ ပြဿနာဖြစ်အောင် ဖန်တီးနေတဲ့ သူတွေရှိနိုင်တယ်လို့ ယူဆလို့ရတယ်။ ဘယ်ဘာသာက လူတွေပဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်းနေခြင်တဲ့သူနဲ့ မနေချင်တဲ့သူ နှစ်ပိုင်းကွဲသွားမယ် လို့ယူဆလို့ရတယ်”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ စတေကာကမ်ပိန်းအား လိုက်လံဝေငှရာတွင် နယ်မြေခံတာဝန်ရှိသည့် ပုဂ္ဂိုလ်များကို အကြောင်းကြားပြီး လိုက်လံဝေငှခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီမိုကရေစီလမ်းစဉ်ကို ပူးပေါင်းဆောင်ရွက်ချင်တယ်၊ ဒါကြောင့် အားပေးတာ ကျွန်တော်ရဲ့ အသိစိတ်နဲ့ ငြိမ်းချမ်းခြင်းပေါ့၊ ဘာသာရေးရော လူမျိုးရေးရော ဘေးက သွေးထိုးမှုတွေမပါအောင် ဖော်ပြထားတဲ့ သဘောလေးပေါ့၊ အရင်က တစ်ယောက်နဲ့တစ်ယောက် အတွေးမှားပြီးတော့ ကြည့်ကောင်း ကြည့်နိုင်တယ်၊ ဒီအပေါ်မှာ ပဋိပက္ခကို ဖန်တီးနိုင်တယ်၊ အချို့သောသူတွေက ကောင်းတဲ့ အမြင်နဲ့ မြင်လာလိမ့်မယ် ဒီဟာလေးပါ” ဟု ဘိုကလေးဈေးအနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

ပါဝင်သည့် အဖွဲ့အစည်းများမှာ Myanmar Y.E.P၊ မဇ္ဇိုမ Youth Netyork၊ ပန်းပျိုးလက်ငြိမ်းချမ်းရေးစင်တာ၊ ကဗျာချစ်သူများအသင်း၊ Brave New Burma နှင့် လိုင်ဇာလမ်းလျှောက်သူအချို့ စုစည်းကာ Pay for Myanmar အမည်ဖြင့် လူဦးရေ (၃၀)ခန့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စတေကာကမ်ပိန်းကို ပြည်သူအများစုလက်ခံမှုရှိသည့်အတွက် ရန်ကုန်၊ မန္တလေးနှင့် အခြား မြို့များ၌ပါ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

Myit Makha Mediagroup , Rangonnewsdaily
RND:9.4.2013

0 comments:

Post a Comment