Pages

Tuesday, April 9, 2013

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်မျိုးလုံး ရှိနိုင်.

တနင်္လာနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၃ ခုနှစ်
တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်အပေါ်တွင် ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်မျိုး စလုံးရှိနိုင်သဖြင့် ဥပဒေကို ပြဋ္ဌာန်းရာတွင် စနစ်တကျရှိရန်လိုကြောင်း အမျိုးသမီးဖွံ့ ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်လျှက် ရှိသည့် ဖန်တီးအိမ်မှ ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။၎င်းက “ဒါတွေကို စနစ်တကျနဲ့  ဥပဒေ ပြဋ္ဌာန်းသင့်တာပေါ့။ ဥပဒေ ပြဋ္ဌာန်း ပြီးသွားရင်လည်း ဒီလိုကိစ္စတွေ အရမ်းများလာမှာစိုးတယ်” ဟု ပြောသည်။ အဆိုပါ ဥပဒေ အား လွှတ်တော်မှ အတည်ပြု၍ ပြဋ္ဌာန်းပြီးပါက ယခု တရားမ၀င်သည့် အခြေအနေ ထက်ကိုယ်ဝန်ဆောင် အမျိုးသမီးများ အသက် အန္တရာယ် လျော့နည်းသွားနိုင်သော်လည်း အခြား တဖက်တွင် ကိုယ်ဝန်ဖျက်ချမှု အရေအတွက်မှာ ယခုထက်ပိုများလာနိုင်ကြောင်း ဒေါ်ရွှေရွှေစိန်လတ် က ပြောသည်။

တရားဝင် ကိုယ်ဝန်ဖျက်ခွင့် မရှိသည့်အတွက် အမျိုးသမီးများ အသက်ဆုံးရှုံးမှုများ ရှိသဖြင့် အစိုးရ ဆေးရုံ၊ ဆေးခန်းများတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ရရှိရန် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့တင်ပြခဲ့သည်ဟုဗဟန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညို
သင်း၏ ပြောဆိုချက်အပေါ် အမည်မဖော်လိုသူ အန်ဂျီအိုတခုမှ ဆရာဝန်တဦးက ငြင်းခုန်မှုများ ထွက်ပေါ်လာနိုင်ကြောင်း သုံးသပ်သည်။

အဆိုပါ ဆရာဝန်က “အခု ဥပဒေက လုံးဝ ပိတ်ထားတာ။ အမျိုးသမီး အသက်ကယ်ဖို့  မှအပ ဘာမှ ဥပဒေမှာ ဘာမှ ထည့် မထားဘူး၊ တဖက်က ကြည့် ရင် လုပ်သင့်တဲ့ အရာပါ” ပာု မဇ္ဈိမကို ဖြေကြားသည်။

ဥပဒေ တင်ပြသင့် မသင့်ကို သုံးသပ်ရခြင်းသည် အလွန်ခက်ခဲမည်ဖြစ်ပြီး အမျိုးသမီးများအတွက် ကာကွယ်နိုင်သော်လည်းငြင်းခုန်မှုများ ထွက်ဖော်လာနိုင်ကြောင်း ထို ဆရာဝန်မှ သုံးသပ်သည်။

ထိုကြောင့်  လူထု ဆွေးနွေးပွဲများ ပြုလုပ်၍ အချက်အလက်များကို ရှာဖွေကာ ဆုံးဖြတ်သင့် ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

အစိုးရ အနေဖြင့် တရားဝင် ကိုယ်ဝန် ဖျက်ချမှုများကို ဥပဒေပြဌာန်း၍ ဆေးရုံများမှ လုပ်ဆောင်ပေးသင့်ကြောင်း ထိုမှသာ ဆေးဝါး စုံလင်မှု ရှိသည့်  အတွက် အသက်ဆုံးရှုံးသူများ နည်းပါးလာနိုင်ကြောင်း အား မြန်မာပြည်ရှိ Sex Workers Group မှ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။

“အမှန်တော့ အစိုးရ က လုပ်သင့်တာတွေပါ။ဒီကိစ္စက အစ်မ တို့  Sex Worker (လိင်လုပ်သား) အတွက်ဘဲ မပာုတ်ဘဲနဲ့  အခြားမိန်းမတွေအတွက် လဲအကျုံးဝင်မှာပါ။အခုလို တရားမဝင်တဲ့အတွက် အသက်ဆုံးရှုံး ရတယ်။ ဆေးဝါးမစုံဘဲ ခိုးလုပ်ရတဲ့  အတွက် မှုးလဲ သွားတာတွေရှိတယ်”ပာု ထို အမျိုးသမီးက ဆိုသည်။

ထိုသို့  တရားမဝင် ကလေးဖျက်ချမှုများကြောင့် ကိုယ်ဝန်ဖျက်ချသည့် အမျိုးသမီးများသည် ဖျက်ချသည့်နေရာမှ မသန့်ရှင်းမှုများကြောင့် ပိုးဝင်ကာ သေဆုံးလျှက်ရှိကြောင်း ဆေးပညာရှင်များကလည်း
ထောက်ပြသည်။

အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ ဒေါ်ဝါ၀ါထွန်းကမူ ဥပဒေ ထုတ်ပြန်လိုက်ပါက မြန်မာနိုင်ငံ၏ ဓလေ့စရိုက်တစ်ခုဖြစ်သော အပျိုစင် ဘ၀ ထိန်းသိမ်းခြင်းကို ထိခိုက်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

၎င်းက “ဒီဥပဒေ ခွင့်ပြုလိုက်တယ်ဆိုရင် အရင်ကတည်းက စည်းလွတ်ဘောင်လွတ် ဖြစ်နေတဲ့ သူတွေ ပိုဆိုးသွားနိုင်ပါတယ်။ နောက်တစ်ခုက ဘာသာရေး စည်းကမ်းနဲ့ လည်း ကိုက်ညီမှု မရှိပါဘူး” ပာု ပြောသည်။

အဆိုပါ ကလေးဖျက်ချခွင့်ကို ဥရောပနိုင်ငံ အများအပြားတွင် တရားဝင် ခွင်ပြုထားသော်လည်း ကက်သလစ် ဘာသာဝင်များ အများဆုံးနေထိုင်သည် နိုင်ငံများတွင် တင်းကျပ်စွာ တားမြစ်ထားသည်။
ရန်ကုန်(မဇ္ဈိမ), Rangonnewsdaily
RND:9.4.2013

0 comments:

Post a Comment