Pages

Tuesday, April 9, 2013

လှည်းတန်းခုံးကျော်တံတား အသုံးပြုခွင့်ပေး၍ နာနတ်တောပွိုင့်အား ဖယ်ရှားမည်

Tuesday, April 9, 2013

ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်မြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်ရှိ လှည်းတန်းလမ်းဆုံခုံးကျော်တံတားပေါ်မှ ဧပြီလ(၁၀) ရက် နံနက် (၆)နာရီမှ စတင်၍ ကားများဖြတ်သန်းအသုံးပြုနိုင်တော့မည်ဟု ရန်ကုန်စည်ပင်သာယာ ရေးကော်မတီ လမ်းတံတားဌာနက ဆိုသည်။‘တံတားက ဖွင့်လိုက်တယ်ဆိုတာ၊ ဖွင့်ပွဲအခမ်းအနားလုပ်တာကို ပြောတာမဟုတ်ဘူး ၊ ကားတွေကိုအသုံးပြုခွင့် ပေးလိုက်တာပါ၊ ပါရမီခုံးကျော် တံတားတုန်းကလည်း ဒီလိုပဲလုပ်ပေးခဲ့တာမျိုးရှိတယ် နဂိုက (၁၁) ရက်နေ့မှ ကားတက်ခွင့်ပေးမယ် လုပ်ထားတာ ၊အခုတော့ (၁၀) ရက်နေ့ မနက်က စပြီး အသုံးပြုခွင့် ပေးလိုက်ပါတယ်’ ဟု လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လှည်းတန်းခုံးတံတား၏ အချောသတ်လုပ်ငန်းများ ပြီးဆုံးမှု မရှိသေးသော်လည်း သွားလာမှုလွယ်ကူစေရန် နှင့် သင်္ကြန်တွင်းယာဉ်ကြောပိတ်ဆို့ မှုများမရှိစေရန်အတွက် ဖွင့်ပွဲအခမ်းအနား မပြုလုပ်မှီ ဖြတ်သန်းသွားလာခွင့် ပေးခဲ့ခြင်းဖြစ်သည်။

‘တံတားဖွင့်ပြီးနောက်ပိုင်းမှာ နာနတ်တောလမ်းဆုံမီးပွိုင့်ကို ပိတ်လိုက်တော့မယ်၊ ပြည်လမ်းမြို့ထဲဘက်က လာတဲ့ ကားက နာနတ်တောလမ်းကို ကွေ့ဝင်တဲ့ လမ်းကြောနဲ့ နာနတ်တောလမ်းက ထွက်ပြီး ပြည်လမ်း မြို့ပြင်ကို တက်တဲ့ ဘယ်ကွေ့ လမ်းကြောတွေကို ပိတ်လိုက်မှာပါ၊ အဖြူမျဉ်းတားပြီးတော့ ထားမယ်၊ ပြည်လမ်း မြို့ပြင်ဘက်က လာတဲ့ ညာဘက်ကိုကွေ့တဲ့ Free လမ်းရယ်၊ နာနတ်တောလမ်းက ထွက်လာပြီး ပြည်လမ်းပေါ် တက်တဲ့ ညာဘက်ကွေ့တဲ့ Free လမ်းတွေကိုပဲ ထားပေးသွားမှာပါ’ ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။

ထိုသို့ Free လမ်းကြောများကို ပဲထားခြင်းသည် ယာဉ်များ ပင်မလမ်းကြောအရှင်းကို စောင့်၍ သွားလာနေ ရခြင်းကြောင့် ဖြစ်ပေါ်သောယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုလည်း ၄င်းက ဆိုသည်။

‘ခုံးကျော်တံတားပြီးသွားရင် ပြည်လမ်း တည့်တည့်သွားတဲ့ ကားတွေကို ပေးတဲ့ မီးပွိုင့်အချိန်တော့ လျော့သွား နိုင်တယ်၊ ဒါပေမယ့် ကားပိတ်ဆို့မှုကတော့ ဒီနားမဖြစ်ရင်တောင် ဒီက ၀င်လာတဲ့ ကားတွေက မြေနီကုန်း လောက်မှာ သွားပိတ်နေလောက်တယ်၊ အခုက ထင်ကြေးပဲရှိသေးတာပါ၊ သွားလာခွင့်ပေးလိုက်ပြီးရင်တော့ ယာဉ်ကြောအခြေအနေကို သေချာသိရနိုင်ပါတယ်’ဟု တက္ကစီသမားတစ်ဦးက ဆိုသည်။

လှည်းတန်း ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်စတင်တည်ဆောက်ခဲ့ပြီး ရွှေတောင်ဖွံဖြိုးမှု ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး လမ်းတံတားသွားလာရေးတွက်ချက်မှု ပုံစံကို စင်္ကာပူ နိုင်ငံ VERTIX Asia Pacific PTE.LTD မှ တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

လွင်ထူးကို(မြစ်မခ), Rangonnewsdaily
RND:9.4.2013

0 comments:

Post a Comment