Pages

Friday, February 1, 2013

မန်းရေနံမြေမှ တားမြစ်ထားသောကြောင့် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှ တောင်သူလယ်သမားများ လယ်ယာမြေပိုင်ဆိုင်ခွင့် မှတ်ပုံတင်ရန် အခက်အခဲနှင့်ကြုံ

Friday, 01 February 2013 
 
မြန်မာတစ်နိုင်လုံး အတိုင်းအတာဖြင့် ၂၀၁၂ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၃ခုနှစ် မတ်လအထိ အချိန်သတ်မှတ်၍ လယ်ယာမြေပိုင်ဆိုင်ခွင့် မှတ်ပုံတင်များ ပြုလုပ်ပေးလျက်ရှိသော်လည်း မန်းရေနံမြေမှ တားမြစ်ထားသောကြောင့် မင်းဘူးမြို့နယ်အတွင်း အောက်ကျောင်း၊ ကံသစ်၊ ကျောက်စံ၊ မန်းကျိုး၊ခြင်ထောင်၊ ကျွဲကျ၊ မယ်ဘေ့ကုန်း၊ အလံပယ်၊ ကြာကန်၊ ရွာသာ စသည့် ကျေးရွာများရှိ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့သည့် လယ်ယာမြေများ ပိုင်ဆိုင်ခွင့် မှတ်ပုံတင်ရန် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဒေသခံ တောင်သူလယ်သမားများထံမှ သိရှိရသည်။ မန်းရေနံမြေ ဧရိယာကို တောင်ဘက်တွင် ဆားပွက်ချောင်းမှ မြောက်ဘက်တွင် မန်းချောင်းအထိ၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်မှ အနောက်ဘက်တွင် ကြီးပင်ကန်ရွာအထိဟု သက်မှတ်၍ မင်းဘူးမြို့နယ် မြေစာရင်းရုံးတွင်၁၉၃၇ခုနှစ် ဘီအိုစီ ဥပဒေအရ စီစစ်ပေးပါရန်ဟု တားမြစ်ထားသောကြောင့် ဒေသခံ တောင်သူလယ်သမားများ လယ်ယာမြေ ပိုင်ဆိုင်ခွင့် မှတ်ပုံတင်ရန် အခတ်အခဲကြုံတွေ့နေရကြောင်း သိရသည်။

''ဦးလေးတို့ ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်မှာ ၁၉၆၉ ခုနှစ်ကစပြီး ရေနံမြေ ရှာဖွေတာတွေ၊တွင်းတူးတာတွေ လုပ်လာခဲ့ကြတာပါ၊ရေနံမြေထဲကို ဦးလေးပိုင် ယာမြေတွေချည်းပဲ ၆ ဧကလောက် ပါသွားခဲ့ပြီးပါပြီ၊အခုလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိုင်ဆိုင်ခွင့် မှတ်ပုံတင်နေကြပေမယ့် ဦးလေးတို့ ကျေးရွာတွေမှာပဲ မရတာဆိုတော့ နိုင်ငံတော်သမ္မတကြီးဆီအထိ အသနားခံစာ တင်ဖို့လည်း ပြင်ဆင်နေကြပါတယ်၊ဦးလေးတို့ ယာမြေတွေအတွက် နှစ်စဉ်ဆောင်ထားတဲ့ခဲ့တဲ့ မြေခွန်ဖြတ်ပိုင်းတွေလည်း ရှိပါတယ် ပြီးတော့ သူတို့ ရေနံမြေဧရိယာလို့ သတ်မှတ်ထားတဲ့အတိုင်းဆိုရင် မင်းဘူးတစ်မြို့လုံးတောင် ရေနံမြေနေရာ ဖြစ်နေပါတယ်'' ဟု အောက်ကျောင်းကျေးရွာမှ တောင်သူ ဦးစန်းမောင်မှ ပြောကြားခဲ့သည်။

ထိုသို့ လယ်ယာမြေပိုင်ဆိုင်ခွင့် မှတ်ပုံတင်ပြုလုပ်ခွင့် မရသောကြောင့် နိုင်ငံတော်မှ နှစ်စဉ်ထုတ်ချေးပေးသော သမ၀ါယမချေးငွေ ချေးယူခွင့် မရမည်ကိုလည်း ဒေသခံတောင်သူများ စိုးရိမ်နေကြောင်း၊ရေရှည်တွင် ပိုင်ဆိုင်ခွင့် မှတ်ပုံတင်မရှိပါက ဘိုးဘွားပိုင်မြေဖြစ်သော်လည်း သီးနှံနှင့်မြေယာအတွက် နစ်နာကြေးမပေးဘဲ ရေနံမြေမှ လုပ်ငန်းလုပ်ကိုင်မည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မန်းရေနံမြေ အင်ဂျင်နီယာချုပ်ရုံးသို့ ဇန်န၀ါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်မေးမြန်းခဲ့သော်လည်း တာဝန်ခံဖြေကြားပေးမည့် အင်ဂျင်နီယာချုပ်နှင့် ဒုတိယအင်ဂျင်နီယာ
တို့မှာ ခရီးသွားနေကြောင်း မန်းရေနံမြေစုပေါင်းရုံးမှ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခွင့် တောင်းခဲ့သော်လည်း တယ်လီဖုန်းနံပါတ် မပေးခဲ့ဘဲ ၎င်းတို့မှ ဆက်သွယ်ပေးပါမည်ဟု ပြောခဲ့ပြီး ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ ဆက်သွယ်မှု မရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment