Pages

Friday, February 1, 2013

ဖမ်းဆီးအရေးယူရုံဖြင့် ရန်ကုန်မြို့ ယာဉ်ကြောပြဿနာကို မဆောင်ရွက်နိုင်

 
၀၁ ဖေဖော်ဝါရီ ၂၀၁၃
` မော်တော်ယာဉ်တွေကို ဖမ်းဆီးအရေးယူနေရုံနဲ့ ရန်ကုန်ယာဉ်ကြောကျပ်တဲ့ ပြဿနာကို လုံလောက်တဲ့ အတိုင်းအတာထိ မဆောင်ရွက်နိုင်ဘူးလို့ ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေး အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်ကစပြီး ရန်ကုန်မြို့မှာ ယာဉ်စည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်တွေကို စတင်အရေးယူဆောင်ရွက်နေတဲ့ အာဏာပိုင်အဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ် ဆက်သွယ်မေးမြန်းရာမှာ ဦးလှအောင်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်ယာဉ်ကြောပြဿနာက အခုလို ဖမ်းဆီးအရေးယူရုံနဲ့ပြီးသွားမလား။ အန်ကယ်တို့ ဘယ်လိုမြင်ပါလဲ။

“အမြင်ပြောရရင်တော့ ဖမ်းဆီးအရေးယူရုံနဲ့တော့ လုံလောက်တဲ့အတိုင်းအတာ မဆောင်ရွက်နိုင်ပါဘူး။ ကျနော်တို့လက်ရှိအနေအထားကိုလည်း အားလုံးသိမှာပါ။ ကျနော်တို့အနေနဲ့ ယာဉ်ကြောကျပ်တဲ့အခြေခံ အချက်အလက်တွေကို လေ့လာဆန်းစစ် စစ်တမ်းကောက်တာတွေ လုပ်နေတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါမယ်။ ယာဉ်သုံးစွဲမှု၊ လမ်းနဲ့ မီးပွိုင့်စနစ်တွေရယ်၊ လူအသုံးပြုမှုဆိုတာတွေကတော့ လမ်းအသုံးပြုသူများရဲ့ လက်စွဲဆိုတဲ့ စာအုပ်စာစောင်တွေလည်းရှိပြီးသား။ အဲတော့ စစ်ဆေးအရေးယူမှုနဲ့ ဖြေရှင်းမှုကတော့ လုံလောက်တဲ့အတိုင်းအတာ ရောက်ဦးမှာတော့ မဟုတ်သေးဘူး။ ကျနော်တို့ရဲ့ ညီညွတ်တဲ့ဖော်ဆောင်မှုတွေကိုတော့ ဆက်လက်ပြီး ရှေ့မှာလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ အဲအတွက်လည်း ဒီအဖွဲ့ကို တာဝန်ပေးတယ်လို့ ယူဆပါတယ်။”

ဖမ်းဆီးအရေးယူမှုအပြင် ဘာတွေဆောင်ရွက်သွားဖို့ရှိလဲ။ ဥပမာ ပြောပြလို့ရမလား။

“ကျနော်တို့ ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေး အာဏာပိုင်အဖွဲ့အနေနဲ့ကလည်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဌာနအသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ပြီးတော့ လက်ရှိလုပ်ငန်းတာဝန် အခြေအနေတွေကိုလည်း ဆွေးနွေးပါတယ်။ တချိန်တည်းမှာပဲ လမ်းများနဲ့ပတ်သက်တဲ့ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ လမ်းပန်းကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့လည်း တဦးစ နှစ်ဦးစ တွေ့ဆုံနေပါပြီ။ ရှေ့လည်း တွေ့ဆုံပြီး လိုအပ်တဲ့ အကြံဥာဏ်တောင်းခံမှုတွေ၊ နည်းပညာအကြံဥာဏ်တောင်းခံမှုတွေ လုပ်ပြီး ရှေ့ကိုဆက်ပြီး နိုင်ငံနဲ့ညီညွတ်တဲ့ဆောင်ရွက်မှုလေးတွေ လုပ်ပြီးတော့ တိုးတက်အောင်လုပ်သွားဖို့ ရှိပါတယ်။”

“လေ့လာတဲ့အခါမှာ ဘာတွေတွေ့လာလဲဆိုတော့ ပြည်သူလူထုရဲ့ သွားလာမှုအနေအထားအရ ကားနဲ့ရထား ချိတ်ဆက်တဲ့စနစ်တွေ၊ တခြားလိုအပ်တဲ့ သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍ ကွန်ရက်ဖွဲ့စည်းမှုတွေကို တဖြည်းဖြည်းလေ့လာပြီး ကြိုးပမ်းဆောင်ရွက်သွားဖို့ လောလောဆယ် စီမံဆောင်ရွက်လျက်ရှိပါတယ်။

သတင်းစာတွေမှာ တွေ့လိုက်တယ်။ ခရီးသည်တင် ဘတ်စ်ကားတွေဟာ ယာဉ်ကြောပြောင်းပြန်မောင်းတာတွေ၊ စည်းကမ်းဖောက်ဖျက်တာ ထောက်ပြတယ်။ နောက် မြို့ပတ်ရထားတေ အချိန်မမှန်ဘူးပေါ့။ ဒါတွေကလည်း ဖြစ်နေတာ ကြာပြီ။ ဒါတွေကိုရော ဆက်စပ်ဆောင်ရွက်သွားဖို့ ရှိတယ်ပေါ့။

“မှန်ပါတယ်။ လက်ရှိ ဘတ်စ်ကားတွေနဲ့ပတ်သက်လို့ ယာဉ်စည်းကမ်းလိုက်နာမှုတွေနဲ့ပတ်သက်ပြီး ဥပမာပြောရရင် ကျနော်တို့က အခု ယာဉ်လုပ်သားပိုင်းကိုလည်း ပညာပေးမှုတွေ၊ စစ်ဆေးအရေးယူမှုတွေ လုပ်နေပါတယ်။ သို့သော်လည်း ဆောင်ရွက်နိုင်မှု အတိုင်းအတာတွေသည် တချို့သော ယာဉ်လုပ်သားများရဲ့ စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ခုနက ပြောသလို ယာဉ်ကြောပြောင်းပြန်မောင်းတာ၊ ဘတ်စ်ကားတင် မဟုတ်ဘူး။ တချို့ယာဉ်တွေကလည်း မထိန်းသိမ်းနိုင်တဲ့အနေအထား။ ပြောင်းပြန်မောင်း ကျော်တက်တာအထိ ကျူးလွန်တာတွေ ရှိပါတယ်။ ကျနော်တို့ မထသအနေနဲ့လည်း စစ်ဆေးအရေးယူဖို့ အဖွဲ့တွေဖွဲ့ပြီး လုပ်နေပါတယ်။ ရထားတွေကိစ္စ တဖြည်းဖြည်း လေ့လာ သုံးသပ်နေပါတယ်။ ဘယ်လိုနည်းနဲ့ ဖော်ဆောင်နိုင်မလဲ။ အခုလက်ရှိအနေအထားကနေ ဘယ်လိုမျိုး အကောင်းဆုံး အနေအထားကို ဖော်ဆောင်မယ်။ နောက် ပေါင်းစပ်ညှိနှိုင်းမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖော်ဆောင်နိုင်မယ် ဒါတွေလည်း အဖွဲ့တွေရဲ့ အစည်းအဝေးမှာ စဉ်းစားဆွေးနွေးနေကြပါတယ်။”

အန်ကယ်တို့အဖွဲ့အနေနဲ့ ရန်ကုန်ယာဉ်ကြောပြဿနာ၊ သယ်ယူပို့ဆောင်ရေးပြဿနာတွေကို ဖြေရှင်းဖို့ စိတ်ထင် လနဲ့ချီဖြေရှင်းရမလား၊ နှစ်နဲ့ချီဖြေရှင်းရမလား။

“ကျနော့်အမြင်ပြောရရင် အားလုံးပူးပေါင်းပါဝင်နိုင်မှု တစိတ်တပိုင်းပေါ်လည်း မူတည်တယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေပေါ်လည်း မူတည်တယ်။ အဲအတွက် သုံးသပ်ပြီး ရလာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ကျနော်တို့ထဲမှာလည်း ကျွမ်းကျင်ပညာရှင်တွေ ရှိတယ်။ သူတို့ရဲ့ အကြံဥာဏ် ကျနော်က မသိရသေးတော့လေ တချို့အပိုင်းတွေ ကျနော်ပြောတာ လွဲမှားကောင်းလွဲမှားနိုင်မှာဖြစ်လို့ နောက်သိရရင်တော့ အေးအေးဆေးဆေး ဖြေကြားပါမယ်။”
 
Myanmar News International

0 comments:

Post a Comment