Pages

Thursday, August 16, 2012

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်တော့မည် မဟုတ်

နိုင်ငံပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်တော့မည် မဟုတ်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ အဆိုပါဂြိုဟ်တုကို ၂ဝ၁၅ ခု နှစ်တွင် လွှတ်တင်နိုင်ရန် အတွက် တရုတ်၊ အီးယူနိုင်ငံများနှင့်
ဆွေးနွေး ခဲ့ရာ ဂြိုဟ်တု အသုံးစရိတ် အတွက် ကန်ဒေါ်လာ သန်း ၃ဝဝ သုံးစွဲ ရမည် ဟု ဆက်သွယ်ရေးမှ သိရသည်။

”ကိုယ့်နိုင်ငံ အတွက် အကျိုး ရှိမယ် ထင်ရင် လွှတ်တင်မယ်၊ အကျိုးမရှိဘူး ထင်ရင် မလွှတ်တင် ဘူးလို့ ပြော
ထားပါတယ်။ အခု အကျိုးမရှိဘူး ထင်လို့ မလွှတ်တင် တော့ တာပါ” ဟု မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

ယင်းသို့ ကိုယ်ပိုင် ဂြိုဟ်တု မလွှတ်တင်သော်လည်း တခြားနိုင်ငံ များမှ တစ်ဆင့် ငှားရမ်း သုံးစွဲသွားမည်
 ဖြစ်ကြောင်း၊ ယင်းအတွက် ကိုလည်း လွှတ်တော်သို့ တရားဝင် တင်ပြ ထားကြောင်း ၄င်းက ဆက်လက်
 ပြောသည်။

”ဂြိုဟ်တု မလွှတ်တင်တော့တဲ့ အတွက် ဂြိုဟ်တု အတွက် သုံးစွဲ မယ့် ငွေတွေကို မိုဘိုင်းဖုန်း တိုးချဲ့ ရေး စီမံကိန်းမှာ သုံးစွဲသွားမှာပါ” ဟု ၄င်းက ထပ်လောင်းပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံပိုင် ဂြိုဟ်တု လွှတ်တင် ရခြင်းအကြောင်းမှာ ဝေလံခေါင်ဖျားသည့် ဒေသများ နှင့် ပင်လယ် အတွင်းရှိ ကျွန်းများ အတွက်သာ ဆက်သွယ် မှုကောင်း မွန်စေရန်နှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ တိုးတက်ရေး အတွက် လွှတ်တင် ရခြင်းသာ ဖြစ်ကြောင်း၊ လက် ရှိ အသုံးပြုနေသည့် ဖိုင်ဘာ ဆက်သွယ်မှု စနစ်သာ အဓိက သုံးစွဲ မည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။

လက်ရှိတွင် ဖိုင်ဘာဆက် ကြောင်းဖြင့် တယ်လီဖုန်း ပြောဆို ဆက်သွယ်နိုင် သည့် ဧရိယာ ၈ဝ ရာခိုင်နှုန်းခန့်
ရှိကြောင်း၊ ဆက်လက် ၍ ဖိုင်ဘာ ကွန်ရက်အား လာမည့် ၂ဝ၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးနီးပါး လွှမ်းခြုံနိုင်ရန်
ဆောင်ရွက်လျက် ရှိနေကြောင်း၊ ဖိုင်ဘာကွန်ရက်များ တည်ဆောက်ရာတွင် အချိန်နှင့် ငွေကြေးများစွာကုန်
ကျကြောင်း ယင်းဌာနမှ သိရသည်။

ဖိုင်ဘာ ဆက်သွယ်မှုများနှင့် ပတ်သက်၍ ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ဆက်သွယ် ရေး
ဆိုင်ရာ အခြေခံအဆောက် အအုံ မြင့်မားရေး အတွက် ”ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အဓိကထား ဆောင်ရွက် သွားတော့မှာပါ။ ဒါတွေ လုပ်ဆောင်ဖို့ လက်ရှိ ပြည်တွင်း ကုမ္ပဏီတွေနဲ့ မနိုင်နိုင်ပါဘူး။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် တော့ အမြန်ဆုံး ပြီးသွားမှာပါ”ဟု ပြောသည်။ ယင်းသို့ ပြည်တွင်း
ရင်းနှီးမြှုပ်နှံမှုအား လက်ခံနိုင်ရန် အတွက် ဥပဒေ လိုအပ်ကြောင်း၊ လက်ရှိကာလတွင် ဆက်သွယ်ရေး လုပ်
ငန်းအား ဝင် ရောက်ရင်းနှီးမြှုပ်နှံရန် အတွက် လာရောက် ဆက်သွယ်ထားသည့် ပြည်ပနိုင်ငံ များရှိကြောင်း၊ ဥပဒေ မပေါ် ပေါက်၍သာ ခွင့်ပြုမပေးနိုင်ခဲ့ ကြောင်း၊ ယင်းကြောင့် ဥပဒေကို လည်း ယခုနှစ် အတွင်း အပြီး
သတ် ဖော်ဆောင်သွားရန် စီစဉ်နေကြောင်း ၄င်းက ဆက်လက်ပြောသည်။


အောင်ဇော်
Popular Myanmar Media:

0 comments:

Post a Comment