Pages

Monday, July 30, 2012

သိမ်းယူခံထားရသည့် လယ်ယာမြေ ပြဿနာများတွင် နာမည်ကျော်ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေ


7432
ဒဂုံ(ဆိပ်ကမ်း)မြို့နယ် သရက်ပင်ချောင်ကျေးရွာရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေ မကျူးကျော်ရဟု
ထုတ်ပြန်ထားသော လယ်ယာမြေများကို ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့ နယ်အတွင်း ကန်ထရိုက် လယ်ယာ (Contract Farming) စနစ်ဖြင့် လုပ်ကိုင်ရန် အကြောင်းပြပြီး သိမ်းယူထားသည် ဆိုသော လယ်ယာမြေပြဿနာများတွင် နိုင်ငံ၏နာမည်ကျော် ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေကြောင်း ထုတ်ပြန်ထားချက်များအရ သတင်းရရှိသည်။

နာမည်ကျော်ကုမ္ပဏီများအပြင် လက်ရှိအစိုးရအဖွဲ့အတွင်းမှ ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ရှိသူအချို့၊ လွှတ်တော်အမတ်အချို့ နှင့် ပတ်သက်ပိုင်ဆိုင်သည့် ကုမ္ပဏီများပါ ပါဝင်ပတ်သက်လျက်ရှိသည် ဟု သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ် အတွင်း၂၀၀၈ ခုနှစ်မှစ၍ ကုမ္ပဏီကြီးများနှင့် တောင်သူများအကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် အတွက် ဟူသော စီမံချက်ဖြင့် ကုမ္ပဏီကြီးများက တောင်သူများနှင့်စတင် လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ သို့သော်ကုမ္ပဏီများနှင့် လုပ်ကိုင်လာသည့်နှစ် ကြာလာသည်အမျှ လယ်ယာများမှာ ကုမ္ပဏီပိုင်ဖြစ်ကုန်ကြောင်း၊ တောင်သူများ လက်လွှတ်ခဲ့ရကြောင်း၊ တောင်သူများ၏ ဆန္ဒအရမဟုတ်ဘဲ မလွန်ဆန်နိုင်၍ လက်လွှတ်ရခြင်းမျိုး များပြားကြောင်း၊ ထို့အတွက် ယခုအခါ ဆန္ဒပြမှုများ၊ တန်ရာတန်ကြေးပြန်လည် တောင်းဆိုမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းအကြောင်းပြ မြေကစားသူ လုပ်ငန်းရှင်များ မပေါ်စေရန်၊ နိုင်ငံ့အကျိုးပြုစီမံကိန်းများ ချောမောစွာ လုပ်ကိုင်နိုင်ရန်နှင့် လက်ငုပ်လက်ရင်း လယ်ယာများ အပေါ်တွင်သာ သီးသန့်မှီခို လုပ်ကိုင်နေသည့် တောင်သူများဘ၀လည်း အဆုံးသတ်မသွားရန် အတွက် စီမံကိန်းနှင့် တောင်သူ များအကြားမျှတသည့် သတ်မှတ်ချက် တစ်ရပ်ထားရှိခြင်း၊ လက်ရှိဖြစ် ပေါ်နေသည့် လယ်ယာပြဿနာ များကိုလည်း အဆင့်ဆင့်စစ်ဆေးကာ မှန်ကန်သည့် ဆုံးဖြတ်ချက်များဖြင့် ဖြေရှင်းသင့်သည်  . . .
တောင်သူများ မိမိပိုင်လယ်ယာများအား စွန့်လွှတ်ခဲ့မှုတွင် တစ်ဧကလျှင်ကျပ် ၂၀၀၀၀ မှကျပ် ၅၀၀၀၀ ၀န်းကျင်ဖြင့် ပေးလျော် စွန့်လွှတ်ခိုင်းခြင်းမျိုး ပါဝင်ကြောင်းလည်း သိရသည်။
တောင်သူများအဓိက တောင်းဆိုသည့်အချက်မှာ ကုမ္ပဏီကြီးများ မှာ လယ်ယာများအား မြေညှိပေးခြင်း၊ ပြုပြင်ပေးထားခြင်းများအတွက် ကုန်ကျစရိတ်များရှိကြောင်း၊ ထို့အတွက် မိမိတို့ယခင် ပိုင်ဆိုင်သည့် လယ်ယာမြေအားလုံးအား ပြန်လည်ရယူရန် မဟုတ်ကြောင်း၊ ထိုက်သင့်သည့် လယ်မြေဧရိယာ သို့မဟုတ်ထိုက်သင့်သည့် တန်ကြေးတစ်ရပ်ရပ် ပြန်လည် ရရှိရန်သာ တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတွက် ဇူလိုင်လ ၂၀ ရက် နေ့၌ လယ်သမားဦးရေ ၂၇၂ ဦး သည် ဦးအောင်သန်းဦး လုပ်ကိုင်နေသည့် ပင်လယ်ကိုးသွယ်နှင့် မြရွှေဝါ ကုမ္ပဏီလယ်ကွက်များရှေ့၌ ဆန္ဒပြ မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိ၌ မြရွှေဝါနှင့် ပင်လယ်ကိုးသွယ် ကုမ္ပဏီမှ ဦးအောင်သန်းဦးက လယ်သမား ၃၀ ဦးအား ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထား ကြောင်း၊ တောင်သူ ၃၀ ဦးမှ ဇူလိုင် လ ၃၀ ရက်နေ့တွင် ပင်လယ်ကိုး သွယ်နှင့်မြရွှေဝါကုမ္ပဏီမှ ဦးအောင် သန်းဦးအား လယ်ယာမြေများလိမ် လည်ရယူထားမှုနှင့် တောင်ဒဂုံမြို့ နယ်တရားရုံးတွင်  ပြန်လည်တရား စွဲဆိုရန်စီစဉ်နေကြောင်းသိရသည်။
တောင်သူများဘက်မှ လိုက်ပါ ဆောင်ရွက်မည့် ရှေ့နေကိုဖိုးဖြူက “အကျိုးတူလုပ်မယ်ဆိုပြီး တောင်သူ တွေကို နေ့စားပဲပြန်ခိုင်းတယ်။ တောင်သူတွေကို လယ်ထဲမှာမနေခိုင်းဘဲ ထွက်ခိုင်းတာတွေ ရှိတယ်။ ထွက်ခိုင်းပြီး နေစရာအခက်အခဲအတွက် အိုးအိမ်က ပေ ၂၀ _ ၆၀ မြေကွက်တစ်ကွက်စီ ပြန်ပေးတယ်။ 
တခြားဘာအကျိုးအမြတ်မှမရဘဲ တောင်သူတွေ လယ်ထဲကထွက်ခဲ့ရတယ်။ တောင်သူတွေက သူတို့လယ် မှာ ၀မ်းစာအတွက် လယ်ပြန်ထွန်တဲ့ အခါ ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်။ တောင်သူတွေကလည်း လယ်လိမ်လည်သိမ်းယူမှုနဲ့ ပြန်စွဲ ဖို့လုပ်နေတယ်”ဟုပြောပြခဲ့ပါသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာမှ လယ်သမားကြီး ဦးမြင့်အောင်က “ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေပါ။ နိုင်ငံတော်စီမံကိန်းအရ စိုက်ပျိုးရေး အထူးကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ နောက်ပိုင်း ကုမ္ပဏီတွေက ပူးပေါင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲ အကျိုးတူပူးပေါင်းတယ်ဆိုတဲ့ စကားရပ်ကိုအသုံးပြုလာတယ်။
 နောက်ပိုင်းကျ တော့ အကျိုးတူပူးပေါင်းတာ မဟုတ်တော့ဘူး။ နိုင်ငံတော်ကရွှေ့ပြောင်းစရိတ် နှစ်သောင်းပေးပြီး ကျွန်တော်တို့ကို နှင်လွှတ်တာပါ။ ၁၆၈ ရပ်ကွက်မှာ ၂၀ပေ_၆၀ပေ မြေကွက် တစ်ကွက်စီပေးတယ်။ အားလုံးကို ပေးတာတော့ မဟုတ်ဘူး။ လယ်ထဲမှာ တဲရှိတဲ့သူတွေကိုပဲ ပေးတာပါ။ 
၂၀၀၉ ခုနှစ် မေလထဲမှာတော့ လယ်သမားတွေကို ဘာမှပြောဆိုဆွေးနွေး ခြင်းမပြုဘဲ ရွှေနဂါးမင်းကုမ္ပဏီက စပြီး လယ်သမား ၃၁ ဦးကို လယ် တစ်ဧက ငါးသောင်းနှုန်းရှင်းပေးတယ်။ ရှင်းပေးပြီး အဲဒီတုန်းက ဒဂုံတောင်ပိုင်း မယကဥက္ကဋ္ဌက အကျိုးတူလဲ လုပ်စရာမလိုတော့ဘူး။ ဇယားရှုတ်လို့ တခါတည်း အပြတ်ရှင်းပေးလိုက်တာဆိုပြီး ခုနှစ်ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရမယ်လို့ ပြောပါတယ်”ဟု ပြောပြခဲ့ပါသည်။
ကုမ္ပဏီကြီး ၁၆ ခုမှ မြေဧရိ ယာ ဧက ၇၀၀၀ ကျော်အား ၂၀၀၈ ခုနှစ်မှစကာ အကျိုးတူလုပ်ကိုင်ခြင်း ဖြစ်ပြီး ကုမ္ပဏီအများစုမှ လယ်ပိုင် အဖြစ် တစ်စတစ်စသိမ်းယူလုပ်ကိုင် ခြင်းဖြစ် ကုမ္ပဏီအချို့မှာမူ တောင် သူများဆန္ဒအရ တောင်သူများအား ပြန်လည်လုပ်ကိုင်ခွင့် ပေးထားခြင်းမျိုး ရှိကြောင်း၊ တောင်သူဆန္ဒအရ လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်၍ တောင်သူများ ကျေနပ်မှသာ ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
လက်ရှိတွင် ဧက ၃၈၀ အား တောင်သူများ ကိုယ်တိုင်အပါအ၀င် လုပ်ကိုင်ခွင့်ပြုပေးထားသော မက်စ်မြန်မာကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးစိုးမြတ်က “ကျွန်တော်တို့ ၂၀၀၈ မှ တောင်သူတွေနဲ့ Contract Farming စနစ်နဲ့ ပူးပေါင်းလုပ်ကိုင်ပါတယ်။ လုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်က တောင်သူတွေ စိုက်ပျိုးနည်းပညာ ရအောင်၊ စိုက်ပျိုးတဲ့လယ်ယာမြေတွေ အဆင့်မီစိုက်ပျိုးတဲ့ လယ်ယာဖြစ်အောင်၊ အဓိကအချက်ကတော့ တောင်သူတွေ ဘ၀မြင့်မားလာအောင် လုပ်တာ။ 
ကျွန်တော်တို့က လယ်ယာမြေတွေကို စလုပ်တော့ မြောင်းတွေ၊ ဗျိုက်တောတွေနဲ့ စိုက်လို့မရဖြစ်နေတဲ့ ဧရိယာ အများကြီးပါတယ်။ အခုအဲဒီဧရိယာ တွေကိုရော အရင်မညီညာတဲ့ လယ်ယာတွေကိုပါ စက်တွေနဲ့စိုက်ပျိုးလို့ ကောင်းအောင်ပြုပြင်ပေးခဲ့တယ်။
 ပြီးတော့ တောင်သူတွေကို စနစ်နှစ်မျိုးနဲ့ လုပ်လို့ရကြောင်း ပြောလိုက်တယ်။ တစ်မျိုးက ဒီမှာပဲ လခစားနဲ့လုပ်မလား၊ ကိုယ်တိုင်စိုက်ပျိုးမလား။ အဲဒီမှာ ကိုယ်နှစ်သက်ရာနဲ့ လုပ်တယ်။ ကျွန်တော်တို့က ကိုယ်တိုင်စိုက်ပျိုးမယ့် တောင်သူတွေကို သွင်းအားစုအားလုံး ထုတ်ပေးတယ်။ ထွက်လာတဲ့အခါ စပါးတွေပြန်ဝယ်ပေးတယ်။
 မြတ်သမျှ တောင်သူအားလုံးယူပေါ့။ အရင်တုန်းက တစ်ဧကမှ ၃၅ တင်းလောက် ထွက်တဲ့ လယ်မျိုးက အခုတစ်ဧက ကို တင်း ၇၀ ၀န်းကျင်ထွက်နေပြီ။ ဒီလိုဖြစ်တဲ့အထိ ပြုပြင်ပေးတယ်၊ သွင်းအားစုပေးတယ်။ ဒါ့အပြင် တောင်သူတွေရဲ့ မိသားစုကျန်းမာရေး၊ ပညာရေးကအစ ထောက်ကူပေးထားတယ်။ 
အဲဒီအတွက် အခုဆန္ဒပြတဲ့ အထဲမှာ ကျွန်တော်တို့တောင်သူတွေ မပါဘူး။ ကျွန်တော်တို့ပြောတာ ဟုတ်မဟုတ် ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေတဲ့ တောင်သူတွေကို အချိန်မရွေး လာမေးလို့ရပါတယ်။ တောင်သူတွေကို ပူးပေါင်းကူညီပေးတာ၊ တောင်သူ တွေဆန္ဒအရ ကျွန်တော်တို့လုပ်နေတာ၊ အဲဒီအတွက် တောင်သူတွေ ကျေနပ်မှ ကျွန်တော်တို့မက်စ်မြန်မာက ဆက်လုပ်မှာပါ”ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကုမ္ပဏီများအား တောင်သူများမှ ဆန္ဒပြခြင်းနှင့် ပတ်သက်၍ “ကျွန်တော်ကြားမိတာ ကုမ္ပဏီ ၁၆ ခုစလုံးက တောင်သူတွေ ဆန္ဒပြတာ မဟုတ်ဘူး။ တချို့ကိုယ့်လယ်ကိုယ် ပြန်လုပ်ခွင့်ပေးထားတဲ့ ကုမ္ပဏီရှိတယ်။ အဲဒီကုမ္ပဏီမျိုးက တောင်သူတွေတော့မပါဘူး။ မက်စ်မြန်မာက လယ်သမားကို သူ့ဟာသူ စိုက်ချင်တာစိုက် စိုက်ပျိုးစရိတ် ထုတ်ပေးထားတယ်။ နောက်လိုအပ်တဲ့ဆီ၊ သွင်းအားစုပေးထားတယ်။ 
အချိန်တန်လို့ သီးနှံပေါ်တဲ့အခါ သူ့ကိုပဲ ရောင်းရောင်း၊ အပြင်မှာပဲရောင်းရောင်း သူ့စရိတ်ကိုပဲ ပြန်ယူတယ်။ ဒါပဲ။ ဆန္ဒပြတဲ့အထဲမှာ သူ့လယ်က လယ်သမားတွေ ပါတယ်လို့တော့ မကြားမိပါဘူး။ အဲဒီလိုကုမ္ပဏီမျိုးလည်း ရှိနေသေးတယ်။ ကုမ္ပဏီအများစုကိုတော့ လယ်သမားတွေ မကျေနပ်ဘူး”ဟု တောင်သူလယ်သမားများ ဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ ရှေ့ နေ ကိုဖိုးဖြူက ပြောကြားခဲ့သည်။
Contract Farming စနစ်ဖြင့် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ တောင်သူများဖြင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရရှိသည့် လယ်ယာများအပြင် နီးစပ်ရာတောင်သူများထံမှပါ လယ်ယာများအား တစ်နည်းနည်းဖြင့် ထပ်မံချဲ့ထွင်ဝယ်ယူ လုပ်ကိုင်ခြင်းများပါ ရှိနေကြောင်းလည်း သိရသည်။
“ကုမ္ပဏီကြီးတစ်ခုကဆို ကျွန်တော့်ကုမ္ပဏီက တောင်သူတွေရဲ့ လယ်ပါရောင်းမလားလို့ လာစပ်ခဲ့သေးတယ်။ ကုမ္ပဏီအချင်းချင်းတောင် ပြန်ဝယ်တာမျိုးရှိတာကို ထောက်ပြတာပါ။ အဲဒီလိုလုပ်တဲ့ အတွက်လည်း အခုလိုပြဿနာတွေ ဖြစ်လာတာ”ဟု အဆိုပါကုမ္ပဏီ ၁၆ ခု တွင် ပါဝင်သည့် ကုမ္ပဏီတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“တချို့ကုမ္ပဏီတွေက ပေးတယ်။ ဒါပေမယ့် အိုးအိမ်ကတစ်ဆင့် လယ်သမားဆီ ငွေပေးခဲ့တာလည်း ရှိတယ်။ အဆင့်ဆင့်ပေးပြီး နောက်ဆုံး မှ တောင်သူဆီရောက်တော့ ဘယ်လောက်ပဲ ရောက်သလဲ။ ဒါလည်းစစ်ဆေးရမှာပဲ။ ဒါပေမယ့် တချို့ကုမ္ပဏီ ကျတော့လည်း မြေလွတ်တွေ့တာနဲ့ ဆွဲယူလိုက်တာမျိုးလည်း ရှိတယ်။ ဒီပြဿနာက စစ်ဆေးရမယ့်ပြဿနာပါ”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ချထားပေးစဉ် က အကွက်ချရာတွင် ပါဝင်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ယခုကဲ့သို့ လယ်ယာမြေ ပြဿနာများမှာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့ သာကျေးရွာတွင် လည်းကောင်း၊ သန်လျင်မြို့နယ်တွင် လည်းကောင်း ကြုံတွေ့ရလျက်ရှိသည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသော ဒေါက်တာ ခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု လယ်ယာမြေ ကွင်းအမှတ် (၅၃၁/ ၅၃၃)တို့ရှိ လယ်မြေဧက (၁၀၀၀) ကျော်အား တိုးချဲ့စက်မှုဇုန်ဖော်ထုတ်ရန်အတွက် ၂၀၁၀ ပြည့်နှစ် အတွင်းကရယူခဲ့သည်ဟု သိရသည်။
ရယူရာတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် လယ်သမားများအား ပေါင်းကူးကျေးရွာ ဓမ္မာရုံ၌ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ လယ်တစ်ဧကလျှင်ကျပ် ငါးသောင်း ပေးမည်ဟုဆိုကာ ယင်းလယ်များ၌ လယ်ယာလုပ်ကိုင်ခွင့်အား စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးစေကြောင်း၊ လယ်သမားများမှ လက်မခံသဖြင့် ငွေကျပ်သုံးသိန်းအထိ အဆင့်ဆင့် တိုးပေး၍ လယ်လုပ်ကိုင်ခွင့်ကို စွန့်လွှတ်ရန်နှင့် ငွေမယူပါက လယ်ကွက် ကိုသိမ်းယူမည်ဟု ပြောဆိုခြင်း၊ နေ့စဉ် ရက်ဆက်ဆိုသလို အဆိုပါ ကုမ္ပဏီ မှ လယ်သမားတစ်ဦးချင်းအား ခေါ် ယူပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း လယ်သမားများ၏ ပြောကြားချက် အရသိရသည်။
၂၀၁၀ ပြည့်နှစ် ဧပြီလ၌ ကာလပေါက်ဈေး သိန်း ၂၀ တန်ဖိုးရှိ လယ်တစ်ဧကလျှင် ဂရုဏာကြေး ကျပ်သုံးသိန်းဖြင့် တန်ဖိုးဖြတ်၍ လယ် ၈၁၅ ဧကအတွက် ကျပ်သိန်း ၂၄၀၀ အား လယ်သမားများထံသို့ ပေးအပ်ခဲ့ကြောင်း လယ်သမား ၆၄ ဦး၏ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြသည့် အသနားခံစာ၌ ဖော်ပြထားသည်။
၂၀၁၁ ခုနှစ်၌ ယင်းလယ်ကွက် များပေါ်၌ သီးစားစိုက်ပျိုးလုပ်ကိုင်ခွင့်ကို ဇေကမ္ဘာကုမ္ပဏီမှရရှိခဲ့ပြီး လယ်မြေများပေါ်၌ လယ်ယာစိုက်ပျိုး လုပ်ကိုင်ခြင်းမရှိဘဲ စက်မှုဇုန်အဖြစ် အကောင်အထည် ဖော်နေသောကြောင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာ ကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ခွင့်ပြုမိန့်ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေ ပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက် နေ့ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့သည်။
စက်မှုမြေအဖြစ် ရောင်းချပြီး ဖြစ်သောကြောင့် လယ်သမားများ အားလယ်ယာများ ပြန်လည်ပေးနိုင်ခြင်း မရှိပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေမှဇူလိုင်လ ၂၃ရက် နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော် ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးတရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုကို ဆွေးနွေးရာတွင် ဒေါက်တာခင်ရွှေမှ ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
သန်လျင်မြို့နယ်၊ အလွမ်း ဆွတ်ကျေးရွာတွင်လည်း လယ်မြေ ပြဿနာများ တောင်သူနှင့် ရေတပ် အကြားဖြစ်ပွားလျက်ရှိပြီး ရန်ကုန် တိုင်းဒေသကြီး၊ နယ်စပ်ရေးရာဝန် ကြီးဌာနတာဝန်ရှိသူများမှ ၀င် ရောက်ဖြေရှင်းပေးကြောင်း သိရသည်။
“၀န်ကြီးက ၂၆ရက်နေ့ ညနေ မှာ ရေတပ်က ဗျူဟာမှူးနဲ့ လယ်သမားတွေကိုခေါ်ပြီး စေ့စပ်ညှိနှိုင်းမှု တွေလုပ်တယ်။ ဒီလယ်မြေတွေမှာ လယ်သမားတွေ အနေနဲ့ ဆက်ပြီး ထွန်ယက်မှုတွေ ပြုနေဦးမယ်ဆိုရင် ကျူးကျော်မှုနဲ့ တရားစွဲဆိုမှာဖြစ်ကြောင်း ရေတပ်ဗျူဟာမှူးက ပြောပါတယ်။ လယ်သမားတွေအနေနဲ့ ဆက်ပြီးရင်ဆိုင်ဖို့တော့ မရှိတော့ပါဘူး။ ဥပဒေကိုလိုက်နာသောအားဖြင့် ထွန်ယက်မှုတွေ မလုပ်တော့ပါဘူး။ ဒါပေမယ့် သူတို့မှီခိုနေရတဲ့ လုပ်ငန်းတစ်ခု မရှိတော့တဲ့အတွက် သူတို့ဘ၀တွေ ဆက်လက်ရပ်တည် နိုင်ဖို့အတွက် ၀န်ကြီးဆီကို တင်ပြထားပါတယ်”ဟု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုမျိုးသန့်က ပြောပါသည်။
နိုင်ငံတစ်နိုင်ငံတွင် စီမံကိန်းဟူသည် အမြဲတစေရှိနေမည့် အခြေအနေဖြစ်ကြောင်း၊ စီမံကိန်းအကြောင်း ပြ မြေကစားသူလုပ်ငန်းရှင်များမ ပေါ်စေရန်၊ နိုင်ငံ့အကျိုးပြုစီမံကိန်းများ ချောမောစွာ လုပ်ကိုင်နိုင်ရန်နှင့် လက်ငုပ်လက်ရင်းလယ်ယာများ အပေါ်တွင်သာ သီးသန့်မှီခိုလုပ်ကိုင်နေ သည့်တောင်သူများဘ၀လည်း အဆုံးသတ်မသွားရန်အတွက် စီမံကိန်း နှင့် တောင်သူများအကြား မျှတသည့် သတ်မှတ်ချက်တစ်ရပ်ထားရှိခြင်း၊ လက်ရှိဖြစ်ပေါ်နေသည့် လယ်ယာ ပြဿနာများကိုလည်း အဆင့်ဆင့် စစ်ဆေးကာ မှန်ကန်သည့်ဆုံးဖြတ် ချက်များဖြင့် ဖြေရှင်းသင့်သည်ဟု သုံးသပ်ကြပါသည်။
 ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်း ကုမ္ပဏီ ၁၆ ခုအား တစ်ကွက်လျှင် လယ်မြေ ဧက ၅၀၀ ချထားပေးပြီး အဆိုပါမြေဧရိယာအတွင်း လက်ရှိစိုက်ပျိုး ထုတ်လုပ်နေသည့် ကုမ္ပဏီအလိုက် စိုက်ဧကစာရင်း
ကုမ္ပဏီ       လုပ်ငန်းရှင်အမည်မိုးစပါးစိုက်ဧက
ဒဂုံအင်တာနေရှင်နယ်    ဦးဝင်းအောင်(ဥက္ကဋ္ဌ၊ UMFCCI)၇၅၀
ယုဇန                  ဦးဌေးမြင့်(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်)၄၇၀
မြင့်ဇေယျာ           လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မိသားစုဖြင့် ဆက်နွယ်မှုရှိ၃၈၀
ဆင်းရွှေလီ          လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မိသားစုဖြင့် ဆက်နွယ်မှုရှိ၆၀၀
ဝန်းရံခ            ဦးတင်ဝင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲ)၃၈၀
ရွှေနဂါးမင်း        စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၄၄၀
ရွှေနဂါးမင်း(မထားစုရွာ)   စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၂၀၀
မက်စ်မြန်မာ      ဦးဇော်ဇော်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)၃၈၀
ရွှေဟိန်းထက်     ဦးဝင်းနိုင်(ဆောက်လုပ်ရေးနှင့် ကျောက်မျက်ကုမ္ပဏီလုပ်ကိုင်)၃၀၀
ဧဒင်ကုမ္ပဏီ          ဦးချစ်ခိုင်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း)၄၀၀
ဂရင်းအေးရှား           ဦးထွန်းမြင့်နိုင်(အေးရှားဝေါလ်ကုမ္ပဏီ)၏ လုပ်ငန်းခွဲကုမ္ပဏီ၄၀၀
အမျိုးသားကြီးပွားတိုးတက်ရေး အမျိုးသားကြီးပွားတိုးတက်ရေး   ဦးစိုးထွန်းရှိန်     ၄၀၀
ရွှေတောင်         ဦးအိုက်ထွန်း၄၀၀
ပင်လယ်ကိုးသွယ်           ဦးအောင်သန်းဦး(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ သန်လျင်မဲဆန္ဒနယ်)၄၅၀
မြရွှေဝါ   ဦးအောင်သန်းဦး(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ သန်လျင်မဲဆန္ဒနယ်)၃၈၀
ဂွဒ်ဘရားသား       ဦးလှဦး(ဒါရိုက်တာ)၃၅၀
စတင်လုပ်ကိုင်ချိန်၌ မြ၀တီကုမ္ပဏီ(ဦးပိုင်) ပါဝင်ကြောင်း၊ နောက်ပိုင်းတွင် အိုး/အိမ်သို့ ပြန်လည်အပ်နှံထားကြောင်း သိရသည်။ ပျမ်းမျှအားဖြင့် ဒဂုံအရှေ့ပိုင်းတွင် ကုမ္ပဏီစုစုပေါင်းအား ချထားပေးသည့် လယ်ယာမြေဧကပေါင်း ၇၀၀၀ ခန့်ရှိကြောင်း၊ နောက်ပိုင်းတွင် အချို့ကုမ္ပဏီကြီးများမှ နီးစပ်ရာ လယ်ယာများအား ထပ်မံသိမ်းဆည်း ၀ယ်ယူခြင်းများကြောင့် ဧကပိုမိုများပြားလာပြီးစ ယခုအခါ ဧက ၁၀၀၀၀ ကျော်ထိ ရှိလာကြောင်း သိရသည်။ 


ယင်းအထဲ၌ စားကျက်မြေ၊ ရေနက်ကွင်း၊ ရေမြောင်းများ၊ မွေးမြူရေးကန်များလည်း ပါဝင်ကြောင်း၊ ဖော်ပြပါ ကုမ္ပဏီလိုက် လယ်ဧကများမှာ ပြီးခဲ့သည့် နှစ်မိုးစပါးစိုက်ဧကသာ ဖြစ်ပြီး ကုမ္ပဏီများပိုင်ဆိုင်သည့် ဧကအားလုံး မဟုတ်ပါ။ ပိုင်ဆိုင်သည့် ဧကများမှာ ယခုထက် ပိုမိုများပြားပါသည်။
မှတ်ချက်။        ။ ဒေါက်တာခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)သည် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာတွင် စက်မှုဇုန်စီမံကိန်းအတွက် လယ်ယာမြေ သိမ်းယူထားမှုသည်လည်း ပြဿနာဖြစ်ပွားလျက် ရှိသည်။ သန်လျင်မြို့နယ် လွမ်းဆွတ်ကျေးရွာတွင်လည်း လယ်မြေပြဿနာ ကြုံတွေ့ရသည်။

Eleven Media Group:

0 comments:

Post a Comment