Pages

Monday, July 30, 2012

အမေရိကန်တွင် ဖခင်က သားနှစ်ယောက်အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်


အမေရိကန်တွင် ဖခင်က သားနှစ်ယောက်အား သေနတ်ဖြင့်ပစ်ခတ်


အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက် ဒေသတွင် နေထိုင်သူ တစ်ဦးသည် ၎င်း၏ ကလေးနှစ်ဦးအား သေနတ်ဖြင့် ပစ်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြောင်း သိရှိရသည်။

 အော့စ်ဖို့ဒ် ရဲတပ်ဖွဲ့သည် အခင်းဖြစ်ရာ နေအိမ်သို့ စနေနေ့က ရောက်ရှိခဲ့သည့်နောက် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်သတ်ထားသည့် အသက်(၄၁)နှစ်အရွယ် ဒါရဲလ်ဘန်းဝေးကို တွေ့ရှိခဲ့ရသည်။ ထို့အတူ အသက်(၇)နှစ်ရှိ သမီးငယ် အဘီဂယ်လီ ဘန်းဝေးကိုလည်း ရေချိုးခန်းထဲတွင် သေဆုံးနေလျှက်သား ရှာဖွေတွေ့ရှိခဲ့သည်။ 


ရဲများသည် အသက်(၉)နှစ်အရွယ်ရှိ အိုဝင်ဘန်းဝေးကိုမူ ခေါင်းတွင် သေနတ်မှန်ထားသော်လည်း အသက်ရှင်လျှက် ရှိနေကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်။

ဒါရဲလ်၏ သားဖြစ်သူမှာ ဆိုးဆိုးရွားရွား၊ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားပြီး ရဲတပ်ဖွဲ့က ၎င်းကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ရသည်။ ဒါရဲလ်သည် ကလေးနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးမှ မိမိကိုယ်ကိုယ် သတ်သေသွားခြင်းဟု ရဲများက ဆိုသည်။

"ဒီထက်ဆိုးတဲ့ အခြေအနေမျိုး မကြုံဖူးဘူး။ တကယ့်ကို ခြောက်ခြားစရာ အတွေ့အကြုံ တစ်ခုပါပဲ"ဟု ဝေါ်ကက်စ်တာ ကောင်စီ အစိုးရရှေ့နေ ဂျိုးဆက်အာလီက ဆိုသည်။

ဒါရဲလ်က သေနတ်ဖြင့် ပစ်ခတ်ချိန်သည် မိုးကြိုးမုန်တိုင်းများ ကျရောက်ပြီး အသံများ မသဲကွဲသော်လည်း ပထမထပ်တွင် နေထိုင်သည့် ဒါရဲလ်၏ အစ်ကိုက မသင်္ကာသဖြင့် ရဲထံ ဖုန်းဆက်ခဲ့ခြင်း ဖြစ်သည်။

ဒါရဲလ်သည် လွန်ခဲ့သော တစ်လခန့်က ဇနီးဖြစ်သူနှင့် ပြဿနာတက်ကာ လမ်းခွဲခဲ့သည်။ ၎င်းသည် ယခင်မှုခင်းမှတ်တမ်း မရှိသူဖြစ်ပြီး မိတ်ဆွေ သူငယ်ချင်းများက ၎င်းအား အနေအေးသူအဖြစ် ထောက်ခံခဲ့ကြသည်။ 

သူငယ်ချင်းများက ဒါရဲလ်သည် ၎င်း၏ ကလေးနှစ်ဦးကို ကိုယ်တိုင် သတ်ပစ်သည် ဆိုခြင်းကို ယုံနိုင်စရာပင် မရှိကြောင်း ရဲများထံ ထွက်ဆိုခဲ့ကြသည်။

Planet Myanmar Media:

0 comments:

Post a Comment