Pages

Saturday, May 14, 2016

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကုစားနိုင်ရန်အတွက် ရောင်းစားထားသည့် ဓာတ်ငွေ့များကို ပြန်လည်ဝယ်ယူရမည့် အခြေအနေသို့ ရောက်နေဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးပြောကြား

RangonNewsDaily::Saturday. 14 May. 2016
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကို ကုစားနိုင်ရန်အတွက် အချိန်တိုအတွင်း လျှပ်စစ်ထုတ်လုပ်ပေးနိုင်ရန် ရောင်းစားထားသည့် ဓာတ်ငွေ့များအား ပြန်လည်ဝယ်ယူ အသုံးပြုရမည့် အခြေအနေသို့ ရောက်နေကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးက ပြောကြားသည်။
နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ရခြင်းမှာ ယခုနှစ်တွင် အယ်လ်နီညို ရာသီဥတုဖြစ်၍ ပူပြင်းမှုကြောင့် ဆည်ရေလှောင်တမံများတွင် ရေမျက်နှာပြင် လျော့ကျလျက်ရှိပြီး ရေအားလျှပ်စစ် အပြည့်အ၀ ထုတ်လွှတ်နိုင်ရန် တာဘိုင်များ အပြည့်အ၀ လည်ပတ်နိုင်ခြင်းမရှိဘဲ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာလည်း မြင့်တက်သည့်အချိန်နှင့်ဆုံ၍ ဓာတ်အားမလုံလောက်မှုများ ဖြစ်ပေါ်ခြင်းနှင့်၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားစနစ်အရ ရေအားလျှပ်စစ်ပေါ် ရာခိုင်နှုန်း ၇၀ မှီခိုထားပြီး ဓာတ်အားပို့လွှတ်သည့် လမ်းကြောင်းရှည်လျားခြင်းကြောင့် ရာသီဥတုဒဏ် ခံနိုင်ရည်နည်း၍ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။ 
.
“ယခင့် ယခင်ချခဲ့တဲ့ လျှပ်စစ်မူဝါဒအရ ရေအားလျှပ်စစ်ကနေ ရာခိုင်နှုန်း ၇၀ မှီခိုပြီး ကျန်တဲ့ထုတ်လုပ်နိုင်တဲ့ ဂက်စ်တာဘိုင်လိုမျိုးကနေ လျှပ်စစ်ထုတ်လုပ်နိုင်တာက ရာခိုင်နှုန်း ၃၀ ပဲရှိတယ်။ အခြားနိုင်ငံတွေမှာ ရေအားက ရာခိုင်နှုန်း ၃၀ ပဲယူတယ်။ ဂက်စ်တာဘိုင်တို့လို အခြားကနေ ရာခိုင်နှုန်း ၇၀ လောက် ကူညီထားတယ်။ ပြောင်းပြန်ဖြစ်နေတယ်။ ရေအားကနေ ရာခိုင်နှုန်း ၇၀ အားကိုးထားတာက ရာသီဥတုပေါ် မူတည်တယ်။ ရာသီဥတုဆိုတာ အစိုးမရဘူး။ နောက်ပြီးသူများနိုင်ငံတွေမှာက တစ်နိုင်ငံလုံး သုံးစွဲမှု ၁၀၀ ရှိရင် ထုတ်လုပ်နိုင်တဲ့အင်အားက ၁၀၀ ကျော်လောက် ထုတ်လုပ်နိုင်တယ်။ ကျွန်တော်တို့ဆီမှာ အဲဒီလို မရှိဘူး။ ဒါ့ကြောင့် ဒီအခြေအနေ ဖြစ်နေတယ်” ဟု တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်က ပြောကြားခဲ့သည်။
.
ဆက်လက်၍ “ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီး လည်ပတ်ဖို့က လေးနှစ်ကနေ ငါးနှစ်လောက်ကြာတယ်။တချို့စက်ရုံတွေဆိုရင် ၁၀ နှစ်လောက်မှ ဓာတ်အားထုတ်နိုင်တယ်။ ဂတ်စ်တာဘိုင်ကတော့ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ထုတ်လုပ်နိုင်တယ်။ အဲတော့ ကျွန်တော်တို့က သုံးစွဲမှုများတဲ့ ရန်ကုန်အနီးတ၀ိုက်မှာ ဂက်စ်တာဘိုင်တွေဖော်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး အဲမှာပေးသွားရင် အဆင်ပြေသွားနိုင်မှာပါ။ သို့သော်လည်း အခြေအနေက ဂက်စ်ကမရှိတော့ဘူး။ ဂတ်စ်ကနိုင်ငံနှစ်ခုကို ရောင်းလိုက်တာမှာ ပြန်ပြီးဝယ်ယူ သုံးစွဲရမလိုဖြစ်နေပြီ” ဟု ဦးဇာနည်အောင်က ဆက်လက်ပြောကြားသည်။
.
မြန်မာနိုင်ငံ၏ ဓာတ်အား အဓိကထုတ်လုပ်သည့် နေရာများမှာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် တည်ရှိပြီး သုံးစွဲမှု အများဆုံးမှာ ရန်ကုန်မြို့ဖြစ်သည့်အတွက် ဓာတ်အားပို့လွှတ်သည့် လမ်းကြောင်းရှည်လျားခြင်းမှာလည်း ရာသီဥတု ဖောက်ပြန်၍ မိုး၊ လေဒဏ် အကျိုးသက်ရောက်မှုများကြောင့် လာရောက်ထိခိုက်မှုများလည်း ရှိကြောင်း၊ ယင်းကဲ့သို့ ပို့လွှတ်သည့်စနစ် အားနည်းချက်များကိုလည်း ပြင်ဆင်မှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း သိရသည်။ 
Writer: လဲ့လဲ့အောင်/EMG::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment