Pages

Tuesday, May 5, 2015

သပိတ်ကျင်း အပေါင်ဆိုင်မှ ကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိ ရွှေထည်နှင့် ငွေများ ဓားထောက်လုယက်

RangonNewsDaily::- 2 : May :- 2015
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ အမှတ် (၈) ရပ်ကွက်ရှိ အမိန့်ရ အပေါင်ဆိုင်တစ်ခုတွင် ဧပြီလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က မျက်နှာတွင် အဝတ်စည်းထားသည့် အမျိုးသားနှစ်ဦးက ဓားရှည်များ ကိုင်ဆောင်ပြီး ရွှေထည်နှင့် ငွေ စုစုပေါင်း တန်ဖိုး ကျပ်သိန်းရှစ်ရာကျော်ဖိုးကို လုယက်ခဲ့ကြောင်း အဆိုပါ အပေါင်ဆိုင် ပိုင်ရှင်၏ တူတော်စပ်သူ ဒေါက်တာကျော်ဇင်ဦးက ပြောကြားသည်။
“စာရေးမနှစ်ယောက် ဆိုင်တံခါး ဖွင့်နေတုန်းကို ဓားနဲ့ထောက်ပြီး လုတယ်။ တစ်ယောက်က ပြန်လုံးတော့ ဓားထိသွားတယ်။ ဆေးရုံတက်နေရတယ်။ ငွေသားက ကျပ် ၁၀ သိန်း၊ ရွှေပစ္စည်းပါတဲ့ အထုပ်လေးထုပ်နဲ့ စုစုပေါင်း သိန်းရှစ်ရာကျော်တယ်။ ဆိုင်က ချောင်းကြီးမှာ ဖွင့်ထားတာ အိမ်နဲ့ ၁၀ မိုင် ဝေးတယ်။ အနီးအနား ပတ်ဝန်းကျင်က လူတွေဖြစ်ဖို့ များတယ်။ အရင်တုန်းကတော့ နည်းနည်းပါးပါး လုယက်တာတွေပဲ ဖြစ်တာ။ အခုလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး” ဟု ၎င်းက ထပ်မံဆိုသည်။

အဆိုပါ ကျူးလွန်သူအမျိုးသား နှစ်ဦးကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိပြီး မသင်္ကာသူတစ်ဦးကိုလည်း ခေါ်ယူစစ်ဆေးရန် စုံစမ်းလျက်ရှိကြောင်း သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
::
“လုယူပြီး ပြေးတဲ့သူ နှစ်ယောက်က လူစုခွဲပြီး ပြေးတယ်။ ပြေးတဲ့လူရဲ့ ပုံသဏ္ဌာန်ကို ရွာထဲက အမျိုးသမီးတစ်ဦးက သိတယ်လို့ ပြောတယ်။ သူ့ကို ခေါ်စစ်ဖို့ စုံစမ်းနေတယ်” ဟု ၎င်းက ထပ်မံဆိုသည်။
::
အဆိုပါ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိရေးအတွက် ထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက်တွင် စုံစမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိပြီး အပေါင်ဆိုင်ပိုင်ရှင် ဖြစ်သူ အမျိုးသားက တရားလိုပြုလုပ်၍ သပိတ်ကျင်း မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၆၉/၂၀၁၅ ပြစ်မှုပုဒ်မ ၃၈၂/၁၁၄ အရ အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment