Pages

Tuesday, May 5, 2015

မင်္ဂလာဒုံမြို့နယ်တွင် ယာဉ်ရောင်းဝယ်ရေးကုမ္ပဏီမှ မြေသယ်ယာဉ်သုံးစီး အခိုးခံရ

RangonNewsDaily::- 2 : May :- 2015
မင်္ဂလာဒုံမြို့နယ် အမှတ်(၃) လမ်းမကြီးဘေးရှိ ကောင်းပြည့်သာ ယာဉ်ရောင်းဝယ်ရေး ကုမ္ပဏီမှ မြေသယ်ယာဉ်သုံးစီး ခိုးခံရမှု ကိုးရက်ကြာသည့်တိုင် စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ထောက်ကြန့်နယ်မြေ ရဲစခန်းထံမှ သိရှိရသည်။
“ကားတွေ ပျောက်သွားတာကို ကုမ္ပဏီဘက်က ငါးရက်ကြာမှ စခန်းမှာ လာအမှုဖွင့်တာ။ ခိုးခံရတဲ့ကားတွေရဲ့ ဘော်ဒီနဲ့ အင်ဂျင်နံပါတ်တွေကို ရဲစခန်းတွေအနှံ့ ဖြန့်ဝေထားပြီး မြို့ဝင်မြို့ထွက် ဂိတ်တွေက CCTV တွေကနေ ပျောက်ဆုံးခဲ့တဲ့ကားတွေ သွားလာမှု ရှိမရှိဆိုတာ စုံစမ်းနေတယ်” ဟု အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြေသယ်ယာဉ်သုံးစီး ခိုးခံရသည့် ကောင်းပြည့်သာ ယာဉ်ရောင်းဝယ်ရေး ကုမ္ပဏီမှာ ရွှေနံ့သာကျေးရွာ အုပ်စု၊ ပုလဲ(၁)ရပ်ကွက်ရှိ အမှတ်(၃) လမ်းမကြီး ဘေးတွင် ဖွင့်လှစ်ထားပြီး နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကုမ္ပဏီ၏ ခြံဝင်းအရှေ့တွင် မြေသယ်ယာဉ် ၁၅ စီး ကို ပြသထားကြောင်း၊ ဧပြီလ ၂၂ ရက် နံနက် ၁၀ နာရီခန့်က ကုမ္ပဏီမှ မန်နေဂျာ ဖြစ်သူက မော်တော်ယာဉ်များ ရေတွက်စဉ် မြေသယ်ယာဉ်သုံးစီး ပျောက်ဆုံးနေသည်ကို သိရှိခဲ့ရကြောင်း ယင်းကုမ္ပဏီထံ မှ စုံစမ်းသိရှိရသည်။
::
“LIFAN ခေါင်းရှည် မြေသယ်ယာဉ် နှစ်စီးနဲ့ SKAT ခေါင်းတို မြေသယ်ယာဉ်တစ်စီး ခိုးခံရတာ။ ကားသော့တွေက ကုမ္ပဏီရုံးခန်းထဲမှ သိမ်းထားတာကို ဘယ်လိုပုံစံနဲ့ ကားတွေ လူမသိအောင် မောင်းယူသွားတယ်ဆိုတာ မစဉ်းစား တတ်တော့ဘူး” ဟု အဆိုပါကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ယင်းမြေသယ်ယာဉ်သုံးစီး ခိုးယူခံရမှုနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ) ၁၂၅/ ၁၅၊ ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်စုံစမ်း စစ်ဆေးနေကြောင်း သိရှိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment