Pages

Tuesday, May 5, 2015

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လက်ခံကုသရသည့် လူနာအင်အား နှစ်စဉ်မြင့်တက်မှုကြောင့် ဆေးရုံကြီး၏ ဖွဲ့စည်းပုံအင်အား နှစ်ဆတိုးမြှင့်ရန် နေပြည်တော်သို့ တင်ပြထား

RangonNewsDaily::- 1 : May :- 2015
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လက်ခံကုသရသည့် လူနာအင်အား နှစ်စဉ်မြင့်တက်လာမှုကြောင့် ကျန်းမာရေးဝန်ထမ်းများ အပါအ၀င် ဆေးရုံကြီး၏ ဖွဲ့စည်းပုံ လူအင်အားကို လက်ရှိဖွဲ့စည်းပုံထက် နှစ်ဆတိုးမြှင့်ရန် နေပြည်တော်သို့ တင်ပြထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
လက်ရှိ ဆေးရုံကြီးတွင် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် လူနာဦးရေ ၆၂၀၀၀ ကျော် လက်ခံကုသပေးနေရသော်လည်း ဆေးရုံကြီး၏ ဖွဲ့စည်းပုံအင်အားမှာ လွန်ခဲ့သော ၂၀၀၈ ခုနှစ်ကတည်းက လူနာအင်အား ၂၅၀၀၀ ကို ကုသပေးနေရသည့် ဖွဲ့စည်းပုံအတိုင်းသာ ရှိသေးကြောင်းနှင့် ဆေးရုံကြီးမှာ တိုးတက်လာသည့် လူနာဦးရေ၊ တိုးချဲ့ထားသည့် ကုသရေးဌာနများနှင့် လိုက်လျောညီထွေသည့် ဖွဲ့စည်းပုံ မရှိခြင်းကြောင့် ယင်းကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုးချဲ့ဆောက်လုပ်ထားသည့် တိုးချဲ့ကုသဆောင်များ အပါအ၀င် အဆင့်မြှင့်ထားသည့် ကုသရေးဌာနများကြောင့် ဆေးရုံကြီးကို ခုတင် ၁၅၀၀ ဆံ့မှ ခုတင် ၂၀၀၀ ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်မြှင့်ထားကြောင်း၊ တိုးပွားလာသည့် လူနာဦးရေအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ၁၉၆၂ ခုနှစ်တွင် ခုတင် ၁၅၀၀ ဆံ့ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၁၂ ခုနှစ်တွင် နှလုံးဆေးကုသဆောင်၊ ၁၉၅၈ ခုနှစ်တွင် ကင်ဆာရောဂါကုဌာန၊ ၁၉၆၂ ခုနှစ်တွင် အဏုမြူရောင်ခြည်ဌာန၊ ၁၉၆၄ ခုနှစ်တွင် အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ၁၉၆၅ ခုနှစ်တွင် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုဌာန၊ ၁၉၇၈ ခုနှစ်တွင် ဆီးနှင့် ကျောက်ကပ်ရောဂါ ဆေးကုဌာန၊ ၁၉၈၁ ခုနှစ်တွင် အရေပြားအထူးကုဌာန၊ ၁၉၈၃ ခုနှစ်တွင် ဦးနှောက်နှင့် အာရုံကြောဆေးကုဌာနနှင့် ၁၉၉၂ ခုနှစ်တွင် အထူးကြပ်မတ် ကုသဆောင်များကို တိုးချဲ့ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
::
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်ရေးနှင့် အဆင့်မြှင့်ရေး လုပ်ငန်းများအတွက် ကျန်းမာရေးဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်းပေါင်း ၅၀၀၀ ခွဲဝေချထားပေးခဲ့ပြီး ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၄၅၀၀ ခွဲဝေချထားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆေးရုံကြီး အဆင့်မြှင့်ရေး လုပ်ငန်းများတွင် အဆောက်အအုံ ပြုပြင်မွမ်းမံခြင်းများ၊ တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းများ အပါအ၀င် စက်ပစ္စည်း ၀ယ်ယူခြင်း လုပ်ငန်းများလည်း ပါဝင်ပြီး လက်ရှိအချိန်အထိ ငါးထပ်တိုးချဲ့ဆောင် ဆောက်လုပ်ခြင်း ရာနှုန်းပြည့် ပြီးစီးခြင်း၊ ကင်ဆာရောဂါ ရှာဖွေရေးစက် (Pet/CT) ထားရှိရန် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ အရေးပေါ်နှင့် ပြင်ပလူနာဌာန ပြုပြင်ခြင်းလုပ်ငန်း၊ ပင်မဆောင်ပြုပြင်ခြင်းလုပ်ငန်း၊ O2 Plan ထားရှိရန် အဆောက်အအုံဆောက်လုပ်ခြင်း၊ ဆေးစတိုတည်ဆောက်ခြင်း၊ စာသင်ဆောင်ခန်းမ ပြုပြင်ခြင်း၊ 1000 KVA Transformer တပ်ဆင်ခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
::
ဆေးရုံကြီးပြုပြင်ရေးနှင့် အဆင့်မြှင့်ရေး လုပ်ငန်းများအတွက် အင်္ဂလန်နိုင်ငံမှ ကျန်းမာရေးဝန်ကြီးဟောင်း Mr.Lord Darzi၊ အင်္ဂလန်နိုင်ငံမှ Rangoon General Hospital Reinvigoration Fund ၏ Trustee Dr. Michael Marett-Crosby၊ UK နိုင်ငံမှ Robin Cross, Ian Goodfellow, Louise Hansen Yangon Heritage Trust၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Myanmar Integrated Engineer Group အဖွဲ့၊ Quality Control အဖွဲ့၊ Nikki Group တို့မှ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
::
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ၁၈၇၂ ခုနှစ်တွင် ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရား လမ်းထောင့်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်မြေကွက်တွင် ကျွန်းသားဖြင့် အဆောက်အအုံ ဆောက်လုပ်ပြီး ၁၈၇၃ ခုနှစ်တွင် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၀၅ ခုနှစ် မေ ၆ ရက်တွင် ပင်မဆောင်ကို လက်ရှိနေရာတွင် အုတ်မြစ်ချ တည်ဆောက်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ မြေညီထပ် အပါအ၀င် လေးထပ်အဆောက်အအုံဖြစ်ပြီး ခုတင် ၃၄၂ လုံးဆံ့ ဆေးရုံကြီးအဖြစ် ရူပီးငွေ သိန်း ၄၀ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ် အပြီးတွင် ၅၄၆ ခုတင်ဆံ့အဖြစ် လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ခုတင် ၁၅၀၀ ဆံ့ဆေးရုံအဖြစ် အထူးဆေးကုသဆောင်များကို လည်းကောင်း ဆောက်လုပ်ကာ တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

EMG ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment