Pages

Friday, April 24, 2015

ချီလီတွင် မီးတောင်တစ်ခု လှုပ်ရှားနိုးကြားလာမှုကြောင့် ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းပေးရ


RangonNewsDaily:: April . 24 .2015
ချီလီနိုင်ငံတွင် မီးတောင်တစ်ခု လှုပ်ရှားနိုးကြားလာပြီး မီးခိုးနှင့်ပြာများ မှုတ်ထုတ်နေမှုကြောင့် အနီးအနား ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သတင်းရရှိသည်။
ချီလီတောင်ပိုင်းရှိ ကယ်လ်ဘူကို မီးတောင်သည် ဧပြီ ၂၂ ရက်တွင် မီးခိုးများ စတင်၍ အူထွက်လာခဲ့သည်။ အဆိုပါ ဒေသ အနီးတဝိုက်ရှိ အရေးပေါ် အခြေအနေ ကိုင်တွယ်စီမံရေး ဌာနများအားလုံးကို အမြင့်ဆုံးအဆင့် တပ်လှန့်မှု ပြုလုပ်ထားပြီး လူပေါင်း(၁၅၀၀)ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရသည်။
ကယ်လ်ဘူကို မီးတောင်သည် ဆယ်စုနှစ် လေးခုမျှ အချိန်အတွင်း ပထမဆုံးအကြိမ် လှုပ်ရှားသက်ဝင်ခဲ့ခြင်း ဖြစ်သည်။ ကီလိုမီတာ အနည်းငယ်မျှ မြင့်မားသည့် မီးခိုးလုံးများနှင့် ပြာများကြောင့် မီးတောင်အနီးရှိ ပွာတိုမွန့်မြို့သည် နေရောင်ကိုပင် ရှင်းလင်းစွာ မမြင်ရဘဲ ဖြစ်နေကြောင်း သိရသည်။ မြို့တော်ဝန် ဂါဗွိုင် ပါရီဒက်စ်က မြို့ခံများသည် မီးတောင်၏ နိုးကြားလှုပ်ရှားမှုအတွက် ထိတ်လန့် တုန်လှုပ်နေကြောင်း ဆိုသည်။ လတ်တလောတွင် ဒေသခံများကို နေအိမ်ထဲမှ အပြင်မထွက်ရန် သတိပေးထားသည်။


ကျွမ်းကျင်သူများက မီးတောင်အနေဖြင့် ကျောက်ရည်ပူနှင့် ချော်ရည်များ မှုတ်ထုတ်ခြင်း မရှိဘဲ ချော်ပြာများသာ မှုတ်ထုတ်နေဆဲဟု ဆိုသည်။ သို့သော်လည်း မီးတောင်၏ အပူရှိန်ကြောင့် ဒေသတွင်း မြစ်ချောင်းများမှ ရေခဲများ အရည်ပျော်ကာ ပတ်ဝန်းကျင် ဒေသများတွင် ရေကြီးမှုများ ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုထားသည်။
::
ကယ်လ်ဘူကိုသည် ၁၉၇၂ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးပြီး ထို့နောက်ပိုင်းတွင် တောက်လျှောက် ငြိမ်သက်နေခဲ့သည်။ ချီလီ ပြည်ထဲရေး ဝန်ကြီး ရိုဒရီဂို ပန်နိုင်လီလိုက ပတ်ဝန်းကျင် ဒေသခံများ အနေဖြင့် အလွန်အမင်း တုန်လှုပ်မနေရန် တိုက်တွန်းခဲ့ပြီး သတင်းကြေညာချက်များကို အချိန်နှင့် တစ်ပြေးညီ စောင့်နားထောင်နေရန် တိုက်တွန်းထားသည်။

“လောလောဆယ်တော့ အနီးအနားက ဒေသခံတွေကို ရွှေ့ပြောင်းပေးဖို့ ရဲတပ်ဖွဲ့ကို တာဝန်ပေးထားပါပြီ”ဟု ပန်နိုင်လီလိုက ဆိုသည်။ ချီလီသည် အင်ဒိုနီးရှားနိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး မီးတောင်ရပ်ဝန်း နိုင်ငံအဖြစ် တည်ရှိပြီး ပေါက်ကွဲနိုင်ခြေ ရှိနေဆဲ မီးတောင်ပေါင်း (၅၀၀)ခန့် နိုင်ငံတစ်ဝန်းတွင် ပျံ့နှံ့တည်ရှိသည်။

BBC ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment