Pages

Tuesday, October 7, 2014

ပိုင်နက်အငြင်းပွားနေသည့် ရေပြင်တွင် တောင်နှင့်မြောက် ကိုရီးယား ရေယာဉ်များ အပြန်အလှန်ပစ်ခတ်


RangonNewsDaily:: October . 7 .2014
နှစ်နိုင်ငံ နယ်စပ်ရေပြင်တွင် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ၏ ရေတပ် ကင်းလှည့်သင်္ဘောများ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ပိုင်နက် အငြင်းပွားမှုများ မကြာခဏ ကြုံရလေ့ရှိသည့် ပင်လယ်ဝါ ရေပြင်တွင် ယခင်ကလည်း အလားတူ ရေတပ်ချင်း ထိတွေ့မှုများ ရှိခဲ့ဖူးသည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ (၇)ရက် နံနက်ခင်းတွင် မိမိတို့၏ ရေတပ်နှင့် မြောက်ကိုရီးယား ရေတပ်တို့ကြား အပြန်အလှန် အားစမ်းသည့် အခြေအနေမျှ ပစ်ခတ်မှု ရှိခဲ့ကြောင်း ကြေညာသည်။

မြောက်ကိုရီးယား၏ ထိပ်တန်း အရာရှိကြီး (၃)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ အလည်အပတ် လာရောက်ပြီး (၃)ရက်မျှ အကြာတွင် ယခုကဲ့သို့ ရေတပ် အချင်းချင်း ပစ်ခတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
::
မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ် တစ်စီးက ရေပိုင်နက် မိုင်ဝက်မျှ ကျူးကျော်လာသည့်နောက် တောင်ကိုရီးယား ကင်းလှည့်ရေယာဉ်က ခြိမ်းခြောက်သည့်သဘော စတင် ပစ်ခတ်ခဲ့ခြင်းဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

ထိုအခြေအနေတွင် မြောက်ကိုရီးယား ရေယာဉ်အနေဖြင့် ပြန်လည် ဆုတ်ခွာသွားရမည့်အစား တုံ့ပြန် ပစ်ခတ်ခြင်းကြောင့် တောင်ကိုရီးယား စစ်သင်္ဘောကလည်း ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားသည်။ အဆိုပါ ဖြစ်ရပ်တွင် တောင်ကိုရီးယား သင်္ဘော၌ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။
::
မြောက်ကိုရီးယား သင်္ဘောကလည်း ပြန်လည် ပစ်ခတ်သည့်တိုင် တောင်ကိုရီးယား သင်္ဘောကို တိုက်ရိုက်ထိမှန်အောင် တိုက်ခိုက်သည့် ရည်ရွယ်ချက် ရှိဟန်မတူဘဲ အပြန်အလှန် ခြိမ်းခြောက်သည့် သဘောသာ ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။ ထို့နောက် (၁၀)မိနစ်မျှ အကြာတွင် မြောက်ကိုရီးယား ရေယာဉ်က ပြန်လည် ဆုတ်ခွာ ခုတ်မောင်းသွားခဲ့သည်။

တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် ပိုင်နက်အငြင်းပွားနေသည့် ရေပြင်တွင် အပြန်အလှန် ထိတွေ့ ပစ်ခတ်မှုများ ရှိခဲ့ရာ (၁၉၉၉)၊ (၂၀၀၂)နှင့် (၂၀၀၉)ခုနှစ်များတွင် အသေအပျောက် များပြားသည့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ဖူးသည်။
::
(၂၀၁၀)ပြည့်နှစ်ကလည်း မြောက်ကိုရီးယား၏ လက်နက်ကြီး ကျည်ဆန်များ တောင်ကိုရီးယားပိုင် ယွန်ပြောင်းကျွန်းပေါ် ကျရောက်ပေါက်ကွဲရာ တောင်ကိုရီးယား နိုင်ငံသား(၄)ဦး သေဆုံးသည့်နောက် နှစ်နိုင်ငံ ဆက်ဆံရေး အတင်းမာဆုံး အဆင့်ထိ ရောက်ရှိခဲ့ဖူးသည်။

Channelnewsasia ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment