Pages

Sunday, October 19, 2014

မြန်မာ ယူ-၁၉ အသင်း ယူ-၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ၊ ၁၉၇၂ မြူးနစ်အိုလံပစ်ပြိုင်ပွဲ နောက်ပိုင်း ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်နိုင်ခြင်းဖြစ်


RangonNewsDaily:: October . 19 .2014
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို အောက်တိုဘာ ၁၇ ရက်က ယှဉ်ပြိုင်ကစားရာ အိမ်ရှင်မြန်မာ အသင်းက ယူအေအီးအသင်းကို (၁-ဝ) ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ကာ ၂ဝ၁၅ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအသင်းအနေဖြင့် ၁၉၇၂ မြူးနစ်အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက်ပိုင်း ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခုသို့ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းမှာ နောက်ခံလူ နန်းဝေမင်း မပါဝင်နိုင်၍ ကစားကွက်ပြောင်းလဲခဲ့ပြီး ၃-၅-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းမှာ အာရှထိပ်သီး အသင်းတစ်သင်း ဖြစ်သည့် ယူအေအီးအသင်းကို ခြေစွမ်းပိုင်းအရ ယှဉ်ကစားနိုင်ခြင်း မရှိသော်လည်း တိုက်စစ်ပိုင်းကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပြီး ရရှိသည့် အခွင့်အရေးကို အသုံးချနိုင်ခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ ခြင်းလည်းဖြစ်သည်။

 မြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၁ မိနစ်တွင် ငြိမ်းချမ်းအောင်၏ ဖန်တီးပေးမှုမှတစ်ဆင့် တိုက်စစ်မှူး သန်းပိုင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ယူအေအီးအသင်း ချေပဂိုးရရှိရန် တိုက်စစ်မြှင့်တင် ကစားခဲ့သော်လည်း မြန်မာခံစစ်ပိုင်း အမှားအယွင်းမရှိ ဖျက်ထုတ်နိုင်ခဲ့သလို ဂိုးသမား မျိုးမင်းလတ်ကလည်း သေချာပေါက် ဂိုးသွင်းခွင့်များကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့၍ မြန်မာအသင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

ယခုပွဲကို မြန်မာဘောလုံး ပရိသတ်များ ကွင်းပြည့်၊ ကွင်းလျှံ အားပေးခဲ့ပြီး အနိုင်ရရှိပြီး နောက်ပိုင်းတွင် ကွင်းအတွင်းသို့ ဝင်ရောက်၍ မြန်မာကစားသမားများနှင့်အတူ အောင်ပွဲခံခဲ့သည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ၁၉၇၂ ခုနှစ်က ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပခဲ့သော အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရပြီးနောက်ပိုင်း နှစ်ပေါင်း ၄ဝ ကျော်အကြာမှ ကမ္ဘာ့အဆင့်ပြိုင်ပွဲ တစ်ခုဖြစ်သည့် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။


 မြန်မာယူ-၁၉ အသင်းသည် အာရှယူ-၁၉ ပြိုင်ပွဲတွင် ချန်ပီယံဆု (၇) ကြိမ်အထိ ရရှိခဲ့ဖူးသော်လည်း ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယခုအကြိမ်မှ ယှဉ်ပြိုင်ခွင့်ရရှိ ခဲ့ခြင်းလည်းဖြစ်သည်။ အခြားကွာတား ဖိုင်နယ်ပွဲစဉ်တွင် မြောက်ကိုရီးယားအသင်းက ဂျပန်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

MyanmarFootballfederation , KOLATT(PBDN)
RangonNewsDaily








0 comments:

Post a Comment