Pages

Sunday, October 19, 2014

တောင်းဆိုချက်များ မလိုက်လျောပါက AAA ဘိလပ်မြေ စက်ရုံ အလုပ်သမားများ သပိတ် စခန်းဖွင့် ဆန္ဒထုတ်ဖော်မည်

RangonNewsDaily:: October . 19 .2014
လုပ်အား စိုက်ထုတ် လုပ်ကိုင်မှုနှင့် ရရှိသည့် အကျိုး ခံစားခွင့် မညီမျှ သဖြင့် အလုပ်ရှင်နှင့် အလုပ်သမားကြား အငြင်းပွား နေသည့် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည် ခရိုင်ရှိ အေသုံးလုံး (AAA) ဘိလပ်မြေ စက်ရုံနှင့် ကညို့တောင် ကျောက်ထုတ် လုပ်သားများ ပြဿနာ များနှင့် ပတ်သက်၍ တောင်းဆိုချက် များကို မလိုက်လျောပါက သပိတ် စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်မည် ဖြစ်ကြောင်း အောက်တိုဘာလ(၁၇) ရက်နေ့က မန္တလေးမြို့ 88 Café တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကညို့တောင် ကျောက်ထုတ် လုပ်သား များက The Messenger Media သို့ ပြောသည်။
ကျွန်တော်တို့ရဲ့ လုပ်အားခတွေ အပြည့်အ၀ မရဘူး။ မရတဲ့ အတွက် ကျွန်တော်တို့ မိသားစုတွေ စားဝတ်နေရေး မပြေလည် တော့ဘူး။ မပြေလည် တဲ့သူတွေ များလာတော့ မပြေလည်တဲ့ သူတွေက အဖွဲ့အစည်း တစ်ခုလို ဖြစ်သွားတယ်။ အဖွဲ့အစည်း အနေနဲ့ ကျောက်ထုတ် လုပ်သားတွေ စုပြီး အလုပ်သမားရုံးမှာ သွားပြီးတော့ မပြေလည်ကြောင်း ပြောတယ်။

 လုပ်အားခ ဈေးနှိမ်တာများ နေပြီ ဖြစ်ကြောင်း ပြောတယ်။ သက်ဆိုင်ရာက ညှိနှိုင်း ဖျန်ဖြေပေမယ့် စက်ရုံဘက်က ခုချိန်အထိ ဘာတစ်ခုမှ ပြန်လုပ်ပေးတာ မရှိဘူး ဟု အေသုံးလုံး (AAA) ဘိလပ်မြေ စက်ရုံ အလုပ်သမား တစ်ဦး ဖြစ်သူ ကညို့တောင် ကျောက်ထုတ် လုပ်သား ဦးထွန်းမင်းလှိုင် က ပြောသည်။

ကညို့တောင် ကျောက်ထုတ် လုပ်သားများ၏ ၂၀၁၀ ပြည့်နှစ်မှ စ၍ ဆုံးရှုံး နစ်နာခဲ့ ကြသည့် လုပ်အားခများ ပြန်လည် ရရှိရေး၊ ကျောက်တောင် အရိုင်းများအား အခြေ ဖြတ်ရာတွင် ရှင်းလင်းခဲ့ကြ ရသည့် လုပ်အားခများ ပြန်လည် ရရှိရေး၊ ဈေးနှိမ်ခဲ့သည့် ကျောက်ကျင်း နှုန်းထားများ ပုံမှန် အတိုင်း ပြန်လည် ရှင်းပေးရေး စသည့် အချက်များ အပါအ၀င် တောင်းဆိုချက် ငါးချက်ကို တောင်းဆိုထားကြောင်း ကညို့တောင် ကျောက်ထုတ် လုပ်သားများက ဆိုသည်။

ကျောက်ထုတ် လုပ်သား များသည် လုပ်ငန်းခွင် စတင်ချိန်တွင် စက်ရုံနှင့် စာချုပ်ချုပ်ဆိုကြ ရပြီး၊ စာချုပ်တွင် ကျောက်ကျင်း ဈေးနှုန်းများ သတ်မှတ် ထားခြင်း မရှိခဲ့ဘဲ ကျောက် တကျင်းလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် မူလက ပေးချေခဲ့ သော်လည်း၊ လုပ်ငန်းများ စတင် လည်ပတ်ခဲ့ ပြီး နောက်ပိုင်းတွင် အရည်အသွေး သတ်မှတ်ချက် အမျိုးမျိုးဖြင့် မူလ နှုန်းထားထက် ဈေးနှိမ်မှုများ ပြုလုပ်လာကြောင်း ကျောက်ထုတ် လုပ်သားများက ပြောသည်။

ကျောက်တောင် မိုင်းခွဲရန် အတွက် ကျောက်ထုတ် အလုပ်သမား များမှ ကျောက်တောင် အခြေ မြေပြင် ရှင်းလင်းခြင်း များကို ခက်ခဲပင်ပန်းစွာ ဆောင်ရွက်ကြရ သော်လည်း ရှင်းလင်း ပြီးချိန်တွင် အရည်အသွေး မမီဟု ဆိုကာ ကျောက်မိုင်း ခွဲခြင်း မပြုလုပ် သဖြင့် လုပ်အားခများ မရရှိကြခြင်း၊ ကျောက်မိုင်းခွဲ ပြီးနောက် အရည်အသွေး မမီသော ကျောက်များဟု ဆိုကာ ငွေပေးချေခြင်း မပြုသည့် ကျောက်များကို စက်ရုံသို့ သယ်ကာ ဘိလပ်မြေ အတွက် ကြိတ်ခွဲမှုများ ပြုလုပ် သော်လည်း အဆိုပါ ကျောက်များ အတွက် လုပ်အားခ မရရှိကြခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းတို့က ပြောကြားသည်။

ကျောက်တောင် နေရာမှာလည်း သုံးလို့ မရဘူးဆိုတဲ့ ကျောက်တွေကို ကျွန်တော်တို့ လုပ်အားနဲ့ ဘေးဖယ်ခိုင်း သီးသန့် ပုံခိုင်းတယ်။ အရည်အသွေး မမီဘူးလို့ ပြောပေမယ့် နောက်တော့လည်း သူတို့ပဲ ကားနဲ့ လာသယ် ပြီးတော့ ဘိလပ်မြေ စက်ရုံမှာ သုံးကြတယ်။ ဒီအတွက် ပိုက်ဆံ မရဘဲ ကျွန်တော်တို့ လုပ်အားတွေ ဆုံးရှုံးခဲ့ရတာ။ ဘာအကျိုး ခံစားခွင့်မှ မရှိဘူး ဟု အေသုံးလုံး (AAA) ဘိလပ်မြေ စက်ရုံ အလုပ်သမား ဦးဇာနည်က ပြောသည်။

အေသုံးလုံး (AAA) ဘိလပ်မြေ စက်ရုံ၏ ကညို့တောင် ကျောက်ထုတ် လုပ်ငန်းတွင် ယခင်က လူဦးရေ (၁၀၀) ၀န်းကျင်ခန့်ရှိ သော်လည်း ယင်း ကဲ့သို့သော လုပ်အားခ အဆင်မပြေမှု များကြောင့် ယခုအချိန်တွင် လူဦးရေ (၆၀) ကျော်ခန့်သာ ကျန်ရှိပြီး၊ ၎င်း တို့က ဦးဆောင်ကာ တောင်းဆိုမှုများ ပြုလုပ်လျှက် ရှိသည်။


messengernews, 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment