Pages

Saturday, October 11, 2014

တောင်ကြီးမြို့ပေါ်တွင် ချိန်ကိုက်ဗုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် ၏ လုံခြုံရေးကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်မည်

RangonNewsDaily:: October . 11 .2014
ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ချိန်ကိုက်ဗုံး သုံးလုံးဆက်တိုက် ပေါက်ကွဲမှုကြောင့် နှစ်စဉ်ကျင်းပသော အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် လုံခြုံရေးဆောင်ရွက်ချက်များကို ယခင်နှစ် ပွဲတော်ကာလထက် နှစ်ဆတိုးမြှင့်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြားသည်။
ယင်းကဲ့သို့ တောင်ကြီး၌ ဗုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် လာရောက်မည့် ခရီးသွား ဧည့်သည်များနှင့် ဒေသခံများအနေဖြင့် ပွဲတော်ကာလတွင် လုံခြုံရေးအား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
ထို့ကြောင့် ပွဲတော်ကာလအတွင်း လုံခြုံမှုရှိစေရန် လုံခြုံရေးဆောင်ရွက်ချက်များကို တိုးမြှင့်ဆောင်ရွက်မည့်အပြင် ရဲလုပ်ငန်းများကိုလည်း ယခုရက်ပိုင်းကတည်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
::
“ဒီတန်ဆောင်တိုင်ပွဲတော်မှာ လုံခြုံရေးအနေနဲ့ပတ်သက်ပြီးတော့ ဘာမှမဖြစ်အောင် အခုကတည်းက အစီအမံတွေ ဆောင်ရွက်နေပါပြီ။ ဒီပွဲတော်က ရှမ်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံ တက်ရောက်တဲ့ပွဲလည်းဖြစ်တယ်။ နိုင်ငံတစ်ခုလုံးအနေနဲ့လည်း အထင်ကရပွဲတော် ဖြစ်တယ်။ 

ဒါကြောင့် ဒီပွဲတော်ကာလမှာ ဘာမှဖြစ်စရာအကြောင်းမရှိဘူးလို့ ယူဆထားတယ်။ ပွဲတော်ကျင်းပရက်က လိုနေသေးပေမယ့် အခုကတည်းက ရဲလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဝင်းထွန်းက ပြောကြားသည်။

၂ဝ၁၃ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ပြိုင်ပွဲဝင် မီးပုံးပျံ ၁၄၇ လုံး မီးလောင်ပျက်စီးကာ ပြုတ်ကျခဲ့ပြီး ပွဲကြည့်ပရိသတ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
::
အဆိုပါပြိုင်ပွဲတွင် နေ့လွှတ်အရုပ် ၂၄၃ ရုပ် လွှတ်တင်ခဲ့ပြီး ၁၁ဝ လုံး တက်ခဲ့ကာ ၁၃၃ လုံး ပျက်ကျခဲ့ကြောင်း၊ ညလွှတ်မီးပုံးပျံ ၁ဝ၁ လုံးလွှတ်တင်ခဲ့ကာ ၁၄ လုံး ပျက်ကျခဲ့ကြောင်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုံခြုံရေးကော်မတီမှ သိရသည်။

ထို့အပြင် ၂ဝ၁၃ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တွင် နိုဝင်ဘာလအတွင်းက ကျင်းပပြုလုပ်ခဲ့သည် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ အမေရိကန်၊ နယ်သာလန်၊ ရုရှားနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံ မှ နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၈ဝဝ ကျော် လာရောက်လည်ပတ်ခဲ့ပြီး ပြင်သစ်နိုင်ငံသူတစ်ဦး အတက်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီမှ သိရသည်။

Eleven ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment