Pages

Sunday, September 28, 2014

ယင်မနားဆေးခဲ သုတ်လိမ်းထားသည့် ငါးခြောက်များ ဈေးကွက်အတွင်း ရောင်းချဟုဆို

RangonNewsDaily:: September . 28 .2014
ငါးပိ၊ ငါးခြောက် ဈေးကွက်အတွင်း ယင်မနားစေရန် ယင်ဆေးခဲ (Trichlorofon) သုတ်လိမ်းထားသော ငါးခြောက်များ ဈေးကွက်အတွင်း ရောင်းချလျက် ရှိကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။
ငါးခြောက်များကို နေလှမ်းရာတွင် Trichlorofon သုတ်လိမ်းကာ ယင်မနားစေရန် ပြုလုပ်ခြင်း ဖြစ်ပြီး နန္ဒဝန်ဈေးတွင် ရှိသည် ငါးရံ့ခြောက်များကို ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက နမူနာယူကာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် စိုက်ပျိုးရေး ဦးစီးဌာန သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းတွင် စစ်ဆေးသိရှိရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ဓာတ်ခွဲခန်းတွင် စစ်ဆေးသည့် အဖြေအရ ပိုးသတ်ဆေး ၀ ဒသမ ၅၇ ပါဝင်သည်ဟု အဖြေထွက်ခဲ့ကြောင်း၊ နိုင်ငံတကာ စံသတ်မှတ်ချက်တွင် ၀ ဒသမ ၁ ထက် မပိုရကြောင်း၊ Trichlorofon ပိုးသတ်ဆေး ပါဝင်သည့် အစားအစာများကို စားသုံးခြင်းကြောင့် အာရုံကြော ထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ ကလေးအသေ မွေးဖွားခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်စေနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
::
“ဘုရင်နောင့် ကုန်စည်ဒိုင်မှာရှိတဲ့ ငါးပိ၊ ငါးခြောက် ဒိုင်တွေက Trichlorofon ဆေးတွေ ပုံးရာနဲ့ချီပြီး တရုတ်ပြည်က မှာတယ်လို့ မန္တလေးက သတင်းပို့တာ တစ်နှစ်လောက် ရှိပြီ။ မအားတော့ မလုပ်ဖြစ်သေးတာ။ လက်ပူးလက်ကြပ် လုပ်တဲ့ နေရာတွေကိုသိရင် စားသုံးသူရေးရာ ဦးစီးဌာနနဲ့ ညှိနှိုင်းပြီး အရေးယူတာမျိုး ဆက်လုပ်သွားမယ်” ဟု ဦးဗအုပ်ခိုင်က ထပ်လောင်း ပြောဆိုသည်။

ဆားများများ ထည့်ရသည့် ငါးခြောက်များတွင် ယင်နားသော်လည်း ယင်ဥ မပေါက်ဘဲ လောက်မတွယ်သောကြောင့် အသုံးမပြုကြကြောင်း၊ အသင်းတွင် ပါဝင်သည့် အသင်းသား လုပ်ငန်းရှင်များကလည်း ၉၀ ရာခိုင်နှုန်း ယင်းဆေးခဲ (Trichlorofon) ကို မသိကြသေးကြောင်း၊ ဆားပေါ့သည့် ငါးရံ့ခြောက်များတွင်သာ ယင်နား သက်သာစေရန်အတွက် အဆိုပါဆေးကို အသုံးပြုသည်ဟု ထင်ကြောင်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းက အတွင်းရေးမှူး ဦးထွန်းစိန်က ပြောဆိုသည်။
::
၉၀ ရာခိုင်နှုန်း ယင်မနားဆေးခဲ (Trichlorofon) ကို ငါးရံ့ခြောက်၊ ငါးပုတ်သင်ခြောက် စသည့် ငါးခြောက် အကောင်ကြီးများတွင် အများဆုံး အသုံးများကြောင်း၊ ငါးခြောက်အများဆုံး ထွက်ရှိရာ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် အသုံးပြုနေသည်ဟု သိရှိရကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းထံမှ သိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment