Pages

Sunday, September 28, 2014

ဗဟန်းမြို့နယ်၌ အိမ်စီးကားအချို့အား မျက်နှာဖုံးစွပ်လူအချို့မှ မင်းမဲ့စရိုက်ဆန်စွာ တုတ်၊ အုတ်ခဲဖြင့်ရိုက်ခွဲမှု သုံးလအတွင်း နှစ်ကြိမ်ဖြစ်ပွားသော်လည်း ရဲတပ်ဖွဲ့မှ အရေးယူခြင်းမရှိခဲ့

ဇူလိုင် ၂၆ ရက်က အမျိုးသားနှစ်ဦး အနက်ရောင် နစ်ဆန်းကားကို တုတ်ဖြင့်ရိုက်နေသည်ကိုစီစီတီဗွီမှတစ်ဆင့် မှတ်တမ်းတင်ထားစဉ် 
RangonNewsDaily:: September . 28 .2014
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အိမ်စီးကားအချို့အား မျက်နှာဖုံးစွပ်လူအချို့မှ မင်းမဲ့စရိုက်ဆန်စွာ တုတ်၊ အုတ်ခဲဖြင့် ရိုက်ခွဲမှု သုံးလအတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဗဟန်းမြို့နယ်အတွင်း နေထိုင်သူများထံမှ သိရသည်။
အဆိုပါရိုက်ခွဲခံရမှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး လုံခြုံရေးကင်မရာ CCTVမှတ်တမ်းများဖြင့် ကာယကံရှင်များမှ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ရဲစခန်းမှ ရဲအရေးမပိုင်မှုဖြစ်သဖြင့် တရားရုံးကိုသာ ဦးတိုက်လျှောက်စေခဲ့ကြောင်း ကာယကံရှင်များ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ကား ရိုက်ခွဲခံရတဲ ညမှာပဲ ရဲစခန်းကို သွားတိုင်ခဲ့တယ်။ ဒါပေမဲ့ တတ်နိုင်သမျှ စုံစမ်းပေးမယ်၊ ကြိုးစားပေးမယ်လို့ ပြောပေမယ့် တိုင်ချက်ဖွင့်မပေးဘူး။ ကျွန်တော်တို့ပြတဲ့ ကင်မရာမှတ်တမ်းတွေကိုပြတော့ ရဲအရာရှိပါးစပ်က ဒါဟာ မင်းမဲ့စရိုက် ဆန်တယ်လို့သာ ပြောတယ်။

အကျိုးပျက်စီးမှု ပုဒ်မ-၄၂၇ ဟာ ရဲအရေးမပိုင်ဘူး။ တရားရုံးကိုပဲ ဦးတိုက်လျှောက်ပါလို့ ပြောတယ်။ တရားရုံးမှာ ဦးတိုက်လျှောက်ဖို့ဆိုရင် နာမည်နဲ့လိပ်စာပါမှရမယ်။ ကျွန်တော်တို့မသိလို့ တိုင်ပါတယ်ဆိုမှ အခုလိုပြောတော့ အကူအညီမဲ့သလို ခံစားရတယ်” ဟု ကားမှန်ရိုက်ခွဲခံရသည့် ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသန့်စင်လင်းက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။

ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်UHCဆေးရုံအနီး တိုက်အမှတ်( ---) ရှေ့ ယာဉ်ရပ်နားနေရာတွင် ရိုက်ခွဲမှုဖြစ်စဉ် သုံးလအတွင်း နှစ်ကြိမ်၊ အဆိုပါနေရာအနီးရှိ ကားများကို သံချောင်းဖြင့်ခြစ်ခြင်း တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ပထမအကြိမ် ရိုက်ခွဲမှုဖြစ်စဉ်မှာ ဇွန် ၂၆ ရက် ည ၁ နာရီခန့်တွင် ယင်းတိုက်ရှေ့သို့ အနက်ရောင်ကားတစ်စီးမှ ရောက်လာပြီး ယင်းကားပေါ်မှ မျက်နှာကိုအဝတ်ဖြင့် စည်းထားသော အမျိုးသားတစ်ဦးနှင့် အပေါ်ပိုင်း ဗလာကျင်း အမျိုးသားတစ်ဦးတို့က လက်ကိုင်တုတ်များကိုင်ကာ ရပ်ထားသောNissan Skyline အမျိုးအစားယာဉ်အား ရိုက်နှက်ပြီးနောက် ပြန်လည်မောင်းနှင် ထွက်ပြေးခဲ့ကြောင်း စီစီတီဗွီမှတ်တမ်းများအရ သိရသည်။


ထို့ပြင် ဒုတိယအကြိမ်ဖြစ်စဉ်အဖြစ် စက်တင်ဘာ ၁ ရက် ည ၂ နာရီ ၂၂ မိနစ်ခန့်တွင် အဆိုပါတိုက်ရှေ့သို့ အဖြူရောင်မတ်တူး ဗင်ကားတစ်စီးရောက်ရှိလာပြီး ကားပေါ်မှ မျက်နှာအား အဝတ်ဖြင့်စည်းထားသော အမျိုးသားတစ်ဦး ဆင်းလာကာ အဝတ်ပတ်ထားသော အုတ်နီခဲ့ဖြင့် အဆိုပါတိုက်ရှေ့ရပ်ထားသော အိမ်စီးကားနှစ်စီးနှင့် Nissan Juke အမျိုးအစားယာဉ်တို့၏ ရှေ့မှန်များကို ရိုက်ခွဲပြီးနောက် ပြန်လည်မောင်းနှင် ထွက်ပြေးခဲ့ကြောင်း စီစီတီဗွီမှတ်တမ်းများအရ သိရသည်။

နှစ်ကြိမ်တိုင် ၎င်း၏ယာဉ်နှစ်စီး ဖျက်ဆီးခံရသော ကိုမျိုးမင်းက “ကျွန်တော်တို့မှာ ညဘက်ဆို မအိပ်ရဲဘူး။ ကင်းစောင့်နေရတယ်။ ကိုယ့်ကားလေး ဘာဖြစ်သွားမလဲဆိုပြီး။ မနက်မိုးလင်းလို့ အောက်ကြည့်လိုက်ရင်း အကောင်းတိုင်းဖြစ်နေမှ စိတ်အေးရတယ်။ ပထမရိုက်ခွဲခံရတဲ့ကားကို ဒီရှေ့မှာ မထားရဲတော့လို့ မြေနီကုန်းမှာ ပိုက်ဆံပေးပြီးသွားထားရတယ်။ တာဝန်ရှိသူတွေအနေဖြင့် ကျူးလွန်တဲ့သူတွေကို ဖိဖိစီးစီးရှာဖွေပေးစေချင်ပါတယ်”ဟုဆိုသည်။


ယင်းကဲ့သို့ ရိုက်ခွဲဖျက်ဆီးမှု စီစီတီဗွီ ကင်မရာမှတ်တမ်းများကို မြို့နယ်၊ ခရိုင်ရဲ တပ်ဖွဲ့များထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ကာယကံရှင်များက ပြောကြားသည်။


“ ဒီကိစ္စနဲ့ ပတ်သက်ပြီး စခန်းမှူးကို တင်ပြထားပါတယ်။ စီစီတီဗွီမှာလည်း ကားနံပါတ်က မမြင်ရဘူး။ အကျိုးပျက်စီးမှုဆိုတော့ ရဲအရေးမပိုင်ဘူး။ ကျွန်တော်တို့အနေနဲ့လည်း လှည့်ကင်းဝပ်ကင်းတွေနဲ့ ဆောင်ရွက်နေပါတယ်။ ဖြစ်တဲ့အချိန်၊ နေ့ရက်တွေကို ယာဉ်ထိန်းကိုပို့ပြီး စုံစမ်းခိုင်းထားပါတယ်” ဟု ဗဟန်းမြို့မရဲစခန်းသို့တိုင်ကြားစဉ်က တာဝန်မှူးအဖြစ်ဆောင်ရွက်ခဲ့သော ဒုရဲအုပ်တစ်ဦးက ဆိုပါသည်။

ယခုဖြစ်စဉ်ကဲ့သို့ မင်းမဲ့စရိုက်ဆန်သည့် ဖြစ်စဉ်များသည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပိုမိုဖြစ်ပွားနေသည်ကို တွေ့ရှိရပြီးတရားစီရင်ရေးယန္တရားတွင် ပါဝင်သည့် တရားသူကြီးများ၊ ရဲများ၊ ဥပဒေများ၌ အားနည်းချက်များ ရှိနေသည်ကို သက်သေပြနေကြောင်းနှင့် အဆိုပါ မင်းမဲ့စရိုက်ဆန်မှုများသည် တရားဥပဒေစိုးမိုးမှုမရှိသည်ကို သင်္ကေတသဖွယ်ဖြစ်နေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

Eleven Media  , KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment