Pages

Thursday, September 18, 2014

ကားကြုံစီး မိန်းမလျာငါးဦး ဟံသာဝတီအဝိုင်း အနီးတွင် ငွေကျပ်ကိုးသိန်း ခိုးယူထွက်ပြေး

RangonNewsDaily:: September . 17 .2014
ကမာရွတ်မြို့နယ်၊ ဟံသာဝတီ အဝိုင်းအနီးတွင် စက်တင်ဘာလ ၁၄ ရက် ည ၉ နာရီခွဲခန့်က ကယ်ဒီနာဗင် အမျိုးအစား ကိုယ်ပိုင်ယာဉ်ပေါ် လမ်းကြုံလိုက်လာသော မိန်းမလျာငါးဦးက ယာဉ်ခေါင်းခန်း၌ သိမ်းဆည်းထားသည့် ငွေကျပ် ကိုးသိန်းကို ခိုးယူထွက်ပြေးခဲ့ကြောင်း ကမာရွတ် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ဗဟန်းမြို့နယ် ရွှေတောင်ကြား ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားမှာ ယင်းနေ့က ကယ်ဒီနာဗင်ဖြင့် ကမာရွတ်မြို့နယ်ဘက်သို့ မောင်းနှင်လာပြီး ဦးဝိစာရလမ်း၌ ကားစက်ချို့ယွင်းမှုကြောင့် ကားပြုပြင်နေစဉ် အသက် ၂၀ အရွယ်ရှိ မိန်းမလျာတစ်ဦး ရောက်ရှိလာကြောင်း၊ ယင်းနောက် Junction Square ဘက်သို့ ၎င်းတို့အဖွဲ့ လမ်းကြုံလိုက်လိုကြောင်း ပြောဆိုသည်ကို ယာဉ်မောင်းဖြစ်သူက ခွင့်ပြုခဲ့ရာမှ ငွေများ ခိုးယူခံရခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“မိန်းမလျာ ငါးယောက်ကို လမ်းကြုံတင်ပြီး မောင်းလာတာ ဟံသာဝတီအဝိုင်းနား ရောက်တော့ ကားက ထပ်ပျက်သွားလို့ ယာဉ်မောင်းက ဆင်းပြင်နေချိန် သူတို့အဖွဲ့က ကားရှေ့ခန်း တူးဘောက်ထဲက ငွေကိုးသိန်းကို ခိုးယူပြီး နောက်ကျနေလို့ တခြားကားနဲ့ပဲ သွားတော့မယ်ဆိုပြီး ထွက်သွားတာကို ယာဉ်မောင်းက မသင်္ကာလို့ ပြန်စစ်ဆေးမှ ပိုက်ဆံတွေ ခိုးသွားမှန်း သိလို့ စခန်း လာအမှုဖွင့်ထားတာ” ဟု ၎င်းက ရှင်းပြသည်။
::
အဆိုပါငွေများ ခိုးယူသွားသော အသက် ၂၀ မှ ၃၀ ဝန်းကျင်ရှိသူ မိန်းမလျာ ငါးဦးကို ကမာရွတ် မြို့မရဲစခန်းမှ (ပ) ၃၉၇/ ၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment