Pages

Wednesday, September 10, 2014

ဘိန်းမစိုက်သော်လည်း ဘိန်းထက်ဆိုးသည့် စိတ်ကြွဆေးများ စံချိန်တင် ထွက်နေသော `၀´ နယ်မြေ


RangonNewsDaily:: September . 10 .2014
`၀´ ဒေသမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လုံးဝမရှိတော့ကြောင်း `၀´ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် ပြောစကား မီဒီယာပေါ်မှာ ဖတ်လိုက်ရတော့ ဟားတိုက်ပြီး ရယ်လိုက် မိပါသည်။ ဘိန်းမစိုက်ဘူးဆိုရင်တောင် ဘိန်းထက်ဆိုးသော စိတ်ကြွဆေးများ ထုတ်လုပ်ရောင်းချမှုကြောင့် `၀´ ခေါင်းဆောင်များ ကျိကျိတက် ချမ်းသာနေကြသည်ကို ကျွန်တော်တို့ ဒေသခံ`၀´ ပြည်သူအားလုံး အသိဆုံး ဖြစ်ပါသည်။
သူတို့ ချမ်းသာနေတာကို မနာလို၍ မဟုတ်ပါ။ သို့သော် `၀´ ဒေသကို မူးယစ်ဆေးနဲ့ ကျော်ဇောနေသော နာမည်ဆိုး အရိပ်မည်းကြီးအောက်ကနေ လွတ်မြောက်ရန် ကျွန်တော်တို့ `၀´ လူမျိုးများက လိုလားနေကြပါသည်။

`၀´ ပြည်သူတစ်ဦးအနေဖြင့် UWSA မကောင်းကြောင်း ပြောသည်ဟု ထင်ကောင်းထင်နိုင်ပါသည်။ ကျွန်တော်ကိုယ်တိုင် `၀´ ဖြစ်နေလေတော့ သူတို့အကြောင်းပြောရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာနှင့် အတူတူပင် ဖြစ်ပါသည်။ သို့သော် ကျွန်တော်ပြောရပါမည်။

ကျွန်တော်တို့ `၀´ ဒေသအတွက် ပြီးရင် မြန်မာ နိုင်ငံအတွက် ပြီးနောက် တစ်ကမ္ဘာလုံး အတွက် သေမင်းတမန်စိတ်ကြွဆေးပြားများ အန္တရာယ်က လူသား မျိုးနွယ်စု အားလုံးကို ဆင်းရဲတွင်းထဲ တွန်းပို့နေပြီ ဖြစ်ပါသည်။ ဦးအောင်မြင့် ရှေ့ကဖုံး ထားသောစကားကို ကျွန်တော်က နောက်ကနေ ဖော်ချင်ပါသည်။

`၀´ ဒေသမှာ ဘိန်းမစိုက်တော့ပေမယ့် ဘိန်းထက် ပိုပြီး ကြောက် စရာကောင်းသော စိတ်ကြွဆေးပြားများ ယနေ့ အချိန်ထိ စံချိန်တင်ထွက်နေသော အကြောင်းရင်းကို လေ့လာကြည့်ပါက UWSA ခေါင်းဆောင်များကိုသာ လက်ညှိုးထိုးပြရမည် ဖြစ်ပါသည်။ သမိုင်းမကောင်းခဲ့သော UWSA ခေါင်းဆောင်များကြောင့် ကျွန်တော်တို့ `၀´ ပြည်သူများ တိုင်းရင်းသားအားလုံး အလယ်မှာ မျက်နှာငယ်နေရခြင်း ဖြစ်ပါသည်။ 


၂၀၀၅ ခုနှစ်နောက်ပိုင်း ဘိန်း မစိုက်တော့ဘူးလို့ ဦးအောင်မြင့် ပြောလိုက်သော `၀´ ဒေသသည် ၂၀၀၉ ခုနှစ်တုန်းက UWSA ခေါင်းဆောင် များကြောင့် ကမ္ဘာ့အလယ်မှာ အရှက်ရခဲ့ပါသည်။ မြန်မာနိုင်ငံသည် မက်သာအဖက်တမင်းစိတ်ကြွ ဆေးပြား အများဆုံး ထုတ်လုပ်ရာနိုင်ငံဖြစ်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှု မှောင်ခိုရောင်းချမှုလုပ်ငန်းကို အမေ ရိကန်အစိုးရအလိုရှိနေသည့် ရာဇ၀တ်ကောင်များ ဦးဆောင်သည့် UWSA အဖွဲ့က လုပ်ကိုင်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၀၉ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြခံခဲ့ရသည်။

ထိုဖော်ပြမှုကို ကြည့်ခြင်းအားဖြင့် `၀´ ဒေသတွင် မူးယစ်ရာဇာများက စီးပွားဖြစ်စိတ်ကြွဆေးများ ထုတ်လုပ် နေသည်ဟု ဆိုလိုခြင်းဖြစ်ရာ အမှန်တကယ်လည်း ထုတ်လုပ်ရောင်းချနေကြပါသည်။ အမေရိကန်နိုင်ငံမှ သတ်မှတ်ထားသော `၀´နယ်မြေရှိ မူးယစ်ရာဇာ တရားခံပြေးများကလည်း တစ်ယောက်နှစ်ယောက် မဟုတ် စုစုပေါင်း ၈ ယောက် အထိ ရှိနေပါသည်။ 


ထိုမူးယစ်ရာဇာ ၈ ဦးအဖြစ် ဝှေရှောက်ခန်း၊ ဝှေရှောက် ယန်း၊ ဝှေရှောက်လန်း၊ ပေါက်ယူချန်း၊ ပေါက်ယူရီ၊ ပေါက်ယူဟွာ၊ ပေါက်ယူလိုင်၊ ပေါက်ဟွာချန်းတို့ကို စွဲချက်တင် ထားတာ ကမ္ဘာက သိနေသော ကိစ္စဖြစ်ပါသည်။
UWSA ခေါင်းဆောင်ပိုင်း ၈ ဦးတို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုအား အမေရိကန် ဒေါ်လာ (၁၀၃) သန်းဖြင့် လည်ပတ် လုပ်ကိုင်နေကြောင်းနှင့် ဝှေရှောက်ခန်းအား ၁၉၉၉ ခုနှစ် နိုင်ငံခြား မူးယစ်ဆေးဝါး ဘုရင်များ သတ်မှတ်ပုဒ်မအရ မူးယစ်ဆေးဝါးဘုရင်ဟု သတ်မှတ်ပြီး ၎င်းအား ဖမ်းဆီး နိုင်ရန် သတင်းပေးပါက အမေရိကန်ဒေါ်လာ (၂) သန်း ဆုချမည်ဟု အမေရိကန် မူးယစ် ဆေးဝါး တိုက်ဖျက် ရေးအဖွဲ့ DEA မှ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ နေရာအနှံအပြား ၌ ကြေညာခဲ့သည်။



ထိုစွဲချက်များအတိုင်း သူတို့သည် မူးယစ်ရာဇာများ ဖြစ်ကြပါသည်။ UWSA အဖွဲ့ကို လက်ဝါးကြီးအုပ်ပြီး သူတို့ ညီအစ်ကိုတစ်တွေ ချယ်လှယ်ချင်သမျှ ချယ်လှယ်ကာ စိတ်ကြွဆေးများ ထုတ်လုပ်ရောင်းချနေတာ `၀´ ပြည်သူတို့ အသိပင်ဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်နောက်ပိုင်း `၀´ ဒေသမှာ အံ့အားသင့်ဖွယ်စံချိန်တင် စိတ်ကြွ ဆေးပြား ရောင်းဝယ်ဖောက်ကား မှု ဖြစ်စဉ်များပေါ်ပေါက်လာမှုက သက်သေပြလျက်ရှိပါသည်။

၂၀၀၅ ခုနှစ် အတွင်းက လူသိအများဆုံး တြိဂံဒေသတိုင်း၌ မူးယစ်ရာဇာ အိုက်ပန်းကို ယနေ့တပ်ချုပ်ကြီး ကိုယ်တိုင် တိုင်းမှူးဘ၀က ဖမ်းဆီးရမိခဲ့မှုကနေ အစပြုလို့ UWSA `၀´ အဖွဲ့ရဲ့ စိတ်ကြွဆေးနှင့် မူးယစ် ဆေးဝါးများ ရောင်းဝယ်ဖောက်ကားနေမှုကို နိဒါန်းပျိုးချင် ပါသည်။


 တောင်ကြီး-ကျိုင်းတုံသွားကားလမ်း၊ နောင်ချို ရွာအနီးတွင် UWSA `၀´ အဖွဲ့မှ တပ်မဟာမှူးအဆင့်ရှိ အိုက်ပန်းကို ဘိန်းဖြူဘလောက်တုံး အထုပ် ၉၉၂ ထုပ်နှင့် ဆက်စပ်ဘိန်းစိမ်း၊ ဘိန်းစေ့များ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ `၀´ တပ်မဟာမှူးကိုယ်တိုင် ပါဝင်ပတ်သက်နေသော မူးယစ်ဆေးဝါးရောင်း ၀ယ်မှုက ကျွန်တော်တို့ `၀´ ဒေသကို အရိပ်ဆိုးကြီးတစ်ခုလို ယနေ့တိုင် ခြောက်လှန့်နေဆဲ ဖြစ်ပါသည်။

၂၀၀၆ ခုနှစ်တွင်လည်း UWSA `၀´ အဖွဲ့မှ အရာရှိ အိုက်ဆန်းဦးစီး `၀´ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားနှစ်စီးတွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကျော်၊ ကာလတန်ဖိုး ကျပ်သိန်း (၁၇၂၀၀)ခန့်ဖြင့် သိမ်းဆည်းရမိခဲ့သည်ဟု သိရပါသည်။ အလားတူ ၂၀၀၇ ခုနှစ်အစောပိုင်းကလည်း ကျိုင်းတုံ မြို့အထွက် နောင်နွန်းပူးပေါင်းဂိတ်၌ UWSA `၀´တပ်ဖွဲ့ဝင် အိုက်ကျင်းနှင့် မိသားစုဝင်(၃)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀ ကျော်၊ တန်ဖိုးကျပ်သိန်းပေါင်း(၂၃၀)ခန့် သိမ်းဆည်းရမိခဲ့ပါသည်။

ဘိန်းကင်းမဲ့ဇုန်အဖြစ် ကြေညာပြီးနောက်ပိုင်း ဘိန်းမစိုက်တော့ဘဲ စိတ်ကြွဆေးမှ ၀င်ငွေဖြောင့်မှန်း သိလာသော UWSA `၀´ အဖွဲ့ အနေဖြင့် အရှိန်မြှင့်ပြီး ရောင်းဝယ်ဖောက်ကားလာခဲ့ပါသည်။ ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်း လောက်ကလည်း UWSA `၀´ အဖွဲ့ဆီက ၀ယ်လာပြီး ထိုင်းနိုင်ငံထဲသို့ သွင်းတော့မည့် ရှမ်းလူမျိုးတစ်ဦးနှင့် `၀´ လူမျိုးအိုက်ညီတို့ လက်ထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား၊ တန်ဖိုးအားဖြင့် ကျပ်သိန်း (၂၀၀၀) ခန့်ကို တာချီလိတ်မြို့၌ ဖမ်းဆီးရမိခဲ့ပြန်ပါသည်။


၂၀၀၈ ခုနှစ်အတွင်းက မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် `၀´ လူမျိုး အိုက်ဆစ်နှင့် အိုက်တောင်းတို့ ထံမှ ကျပ်သိန်း(၁၆၀)ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ အား လည်းကောင်း၊ ၂၀၀၉ ခုနှစ်အတွင်းကလည်း မဲခေါင်မြစ်ကြောင်းတစ်လျှောက် စိတ်ကြွဆေး ဖြန့်ဖြူးနေသော `၀´ လူမျိုး(၇)ဦးနှင့် ရှမ်းလူမျိုးတစ်ဦး ပူးပေါင်းမူးယစ်ဂိုဏ်းအဖွဲ့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၄၀၀၀ ပြား၊ တန်ဖိုးကျပ်သိန်းပေါင်း (၁၄၆၀) ခန့် သိမ်းဆည်းရမိခဲ့သည်။

ယခုနှစ်အတွင်းမှာလည်း နှစ်ဆန်းပိုင်းကနေ နှစ်ဝက်ကျော်လာသည်အထိ စိတ်ကြွဆေးပြားဖမ်းဆီးရမိသော သတင်းများက မကြားချင်အဆုံး ဖြစ်နေပါသည်။ ကျိုင်းတုံမြို့၊ ရှဲန်တစ်ဟိုတယ်၌ တည်းခိုနေသော `၀´ လူမျိုး အိုက်ဟီနှင့် အပေါင်းအပါ(၃)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ တန်ဖိုးကျပ်သိန်း(၂၅၀)ခန့်အား လည်းကောင်း၊ တာချီလိတ်မြို့နယ်၊ တော်ကော့အတွင်းရပ်အတွင်းရှိ ဒေါ်နန်းခမ်းအီနေအိမ်တွင် `၀´ လူမျိုး (၄)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀၀ ပြား၊ တန်ဖိုးကျပ်သိန်း(၄၀၀၀)ခန့်အား လည်းကောင်း၊ သိမ်းဆည်းရမိခဲ့ကြောင်း သက်ဆိုင်ရာပူးပေါင်းအဖွဲ့များ၏ ဖမ်းဆီးရမိမှု မှတ်တမ်းများအရ သိရပါသည်။

ထိုကဲ့သို့ ကျပ်သိန်းပေါင်းထောင်ချီ ဖမ်းဆီးရမိမှုများအပြင် သာမန်ဖမ်းဆီးရမိမှုများလည်း ရှိနေပြန်ပါသည်။ တာချီလိတ်မြို့နယ် ၀မ်ပုံကျေးရွာတွင် ကျပ်သိန်း (၆၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၀၀ ပြားအားလည်းကောင်း၊ ဟောင်လိတ်ရဲကင်းတွင် ကျပ် (၁၃) သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၂၆ ပြားအားလည်းကောင်း၊ တာချီလိတ် မြို့နယ်၊ တော်ကော့ကျေးရွာဈေးတွင် ကျပ်သိန်း (၁၈၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၀၀၀ ပြားအား လည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။

ထိုအထောက်အထားများကြောင့် မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာသော မူးယစ်ဆေး ၉၀ % သည် `၀´ နယ်မြေမှ ဖြစ်ကြောင်း UNODC က ထုတ်ပြန်ကြေညာထားခြင်း ဖြစ်ပါသည်။ ထို့ပြင် အမေရိကန်တရားရေးဌာနမှ သတင်းထုတ်ပြန်ချက်အရ UWSA အဖွဲ့မှ အဆင့်မြင့် ခေါင်းဆောင်များသည် ဘိန်းဖြူ၊ စိတ်ကြွဆေးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၌ ပါဝင်ပတ်သက်နေကြောင်း၊


UWSA သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မဟုတ်ကြောင်း အင်အားကြီးမားသည့် မူးယစ်ဆေးဝါးဒုစရိုက်ဂိုဏ်း တစ်ခု ဖြစ်ကြောင်း၊ UWSA ထိပ်ပိုင်းခေါင်းဆောင် ၈ ဦးသည် ဘိန်းမဲဝယ်ယူစုဆောင်း၊ ဘိန်းဖြူချက်လုပ် သယ်ပို့ပြီး နယ်မြေအတွင်း အခွန်ကောက်၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖြန့်ဖြူးနေကြောင်း၊ ၎င်းတို့မှ ရရှိ ငွေများအား ငွေဖြူဖြစ်အောင် တရားဝင်စီးပွားရေးလုပ်ငန်းဖြင့် ဆောင်ရွက်နေကြောင်း စသည်ဖြင့် ဖော်ပြထား ပါသည်။

`၀´ဒေသမှာ စိတ်ကြွဆေးထုတ်လုပ်မှု၊ ဖြန့်ဖြူရောင်းချမှုတွေ ပြုလုပ်နေသော UWSA ခေါင်းဆောင်ပိုင်းကို အမေရိကန်မှ မူးယစ်ရာဇာတရားခံများဟု ကင်ပွန်းတပ်ထားသည်မှာ ယနေ့ထက်တိုင် မပြောင်းလဲသေးပါ။ အိုစမာဘင်ဘာဒင်ကို အပြီးချေမှုန်းခဲ့သော အမေရိကန်က သူတို့ဆုငွေထုတ်ထားတဲ့ ပစ်မှတ်များကို တစ်ယောက်ပြီးတစ်ယောက် ရှင်းပစ်မည်ဟု ထုတ်ဖော်ပြောဆိုထားတာကြောင့် အမေရိကန်ရဲ့ ဆုငွေထုတ် ထားခံရသော `၀´ ခေါင်းဆောင်များခမျာ သူတို့အသက်အန္တရာယ်လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ် နေကြပါသည်။

အချုပ်ပြောရရင် `၀´ နယ်မြေမှာ စိတ်ကြွဆေး စံချိန်တင်ထွက်နေခြင်းသည် `၀´ ပြည်သူများ ပတ်သက်မှု မရှိဘဲ UWSA ခေါင်းဆောင်ပိုင်းက ကိုယ်ကျိုးစီးပွားရှာနေခြင်းသာဖြစ်ပါသည်။ `၀´ ဒေသ၏ စိတ်ကြွဆေးပြား များ ရောင်းဝယ်မှုမှတစ်ဆင့် ရရှိသောငွေမည်းကို ငွေဖြူဖြစ်အောင် ကုမ္ပဏီများ ထူထောင်ပြီး ခ၀ါချခဲ့ပါသည်။ ဟုန်ပန်းကုမ္ပဏီကို ဝေရှောက်ခန်းက ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။ 


ယခုအခါ ဟုန်ပန်းကုမ္ပဏီမှ သော်တာဝင်းကုမ္ပဏီအဖြစ် အမည်ပြောင်းလဲပြီး စိတ်ကြွဆေးနှင့် မူးယစ်ဆေးဝါး ရောင်းရငွေ များကို ပြောင်းလဲကာ တရားဝင် ရပ်တည်လျက်ရှိပါသည်။ `၀´ ဒေသမှာ စိတ်ကြွဆေးများ ပပျောက်စေချင်ရင် UWSA ခေါင်းဆောင်ပိုင်း မရှိမှသာ အောင်မြင်မည်ဖြစ်ပါသည်။ 

UWSA ခေါင်းဆောင် မူးယစ်ရာဇာများကို တရားဥပဒေအရ တားဆီးပေးနိုင်ရင် `၀´ဒေသမှာ ဘိန်းမစိုက်တော့သလို စိတ်ကြွဆေးတွေလည်း ပပျောက် သွားမည် ဖြစ်ပါသည်။ `၀´ ဒေသမှာ ဘိန်းထက်ဆိုးသော စိတ်ကြွဆေးများ စံချိန်တင် ထုတ်လုပ်နေမှုကို ပပျောက် စေချင်သည်မှာ `၀´ ဒေသခံအားလုံး၏ ဆန္ဒဖြစ်ပါသည်။

အိုက်ယုံ
Shan News , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment