Pages

Wednesday, September 10, 2014

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ သန်း ၃၀ အထက်ရှိနိုင်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခန့်မှန်း


RangonNewsDaily:: September . 10 .2014
၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်၌ မဲစာရင်းကို ကြည့်ရှုနေကြသူများ
မြန်မာနိုင်ငံ၌ ၂ဝ၁၅ နိုဝင်ဘာတွင် ပြုလုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရည်မှန်းထားသည့်အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သူ သန်း ၃ဝ နှင့် အထက်ရှိနိုင်ဟု စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့၌ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်း ပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ခန့်မှန်းပြောကြားသည်။

မြန်မာနိုင်ငံ၌ လူဦးရေ ၅၁ သန်းကျော်ရှိကြောင်း ဩဂုတ်လကုန်ပိုင်းက ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ သတင်းထုတ်ပြန် ပြီးနောက် ယခင်ခန့်မှန်းထားသည့် လူဦးရေ သန်း ၆ဝ နှင့် ကွာဟချက်များရှိနေခြင်းနှင့် ပတ်သက်ပြီး ၂ဝ၁ဝ ပြည့်နှစ်အတွင်းက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင်မဲပေးနိုင်သည့် ပြည်သူ ၂၉ သန်း ရှိနေခြင်းသည် မှန်ကန်ခြင်း ရှိ မရှိတို့နှင့်ပတ်သက်ပြီး ဝေဖန်မှုထွက်ပေါ်ခဲ့သည့်အပေါ် ဦးဝင်းကြည်က ရှင်းပြခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူမှုပုံစံနှင့် မဲဆန္ဒရှင်စာရင်း ပြုစုသည့်ပုံစံမတူညီဟု ပြောကြားသည်။

ဦးဝင်းကြည်က “ပြီးခဲ့တဲ့ ၂ဝ၁ဝ တုန်းက ၁၈ နှစ် အထက်ရှိတဲ့ မဲဆန္ဒရှင်က ၂၉ သန်းကျော်ကျော် ရှိတယ်။ အခုဆိုရင် ငါးနှစ်ကွာသွားတဲ့အတွက် သန်း ၃ဝ အထက်လောက်မှာ ရှိနိုင်တယ်” ဟု ခန့်မှန်းပြောကြားသည်။

မဲဆန္ဒရှင်စာရင်းကို အိမ်ထောင်စုစာရင်းများကို အခြေခံပြီး အသက် ၁၈ နှစ်ပြည့်သည့်သူများကို မဲစာရင်းတွင် ရေးသွင်းကြောင်း၊ မဲစာရင်းတွင် မိမိအမည်မပါခြင်း၊ အမည်မှားယွင်းခြင်းနှင့် သေဆုံးပြီးသူများနှင့် မပါဝင်သင့်သူများ ပါဝင်နေပါက သက်ဆိုင်ရာသို့ ပြောကြားနိုင်ကြောင်း၊ အသက် ၁၈ နှစ်ပြည့်သူတိုင်း စဉ်းစားမည်မဟုတ်ဘဲ မဲပေးပိုင်ခွင့်ရှိသူ၏ အရည်အချင်းများကို မဲဆန္ဒရှင်စာရင်းဥပဒေအရ ရွေးကောက်ပွဲဥပဒေတွင်ပါရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ရှင်းပြသည်။

ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက“ သန်းခေါင်စာရင်းမှာ အားလုံးပြီးသွားရင် ၁၈ နှစ်ပြည့်တဲ့ စာရင်းကတော့ ထွက်လာမှာပဲ။ ၁၈ နှစ်ပြည့်တဲ့ စာရင်းထွက်တိုင်း အဲဒီမှာ သန်း ၃ဝ၊ ၁၈ နှစ်ပြည့်တိုင်း မဲစာရင်းမှာ သန်း ၃ဝ ရှိချင်မှ ရှိမှာ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေပြဌာန်းချက်မှာ မဲပေးပိုင်ခွင့်ရှိသူမှ ပါလို့ရပါတယ်။

 နောက်တစ်ခါ ရွေးကောက်ပွဲ ဥပဒေပြဌာန်းချက်မှာ အောက်ပါပုဂ္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရလို့ တားမြစ်ထားတယ်။ အဲဒါက သာသနာ့ဝန်ထမ်း၊ ထောင်ကျနေသူ၊ စိတ်ပေါ့သွပ်နေတယ်လို့ သက်ဆိုင်ရာဥပဒေက ပြဌာန်းထားတဲ့သူ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခြင်းမရှိသူ အဲဒီသူတွေအပြင် နိုင်ငံခြားသားနဲ့ နိုင်ငံခြားသားခံယူထားသူတွေဟာ မဲပေးခွင့်မရှိဘူးလို့ ဥပဒေကပြဌာန်းထားတဲ့အတွက် သာမန်အားဖြင့် ဒီပြဌာန်းချက်တွေကို သိရှိထားဖို့လိုပါတယ်လို့ တင်ပြချင်ပါတယ်” ဟု ပြောကြားသည်။

ကနဦးအဆင့် ရရှိထားသည့် ရှေ့ပြေးလူ ဦးရေစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁၄၁၉၄၂ဝ ဦးဖြစ်ပြီး အပြီးသတ်အစီရင်ခံစာကို ၂ဝ၁၅ မေတွင် ထုတ်ပြန်သွားမည်ဖြစ်ရာ နိုင်ငံခြားသို့ရောက်နေသည့် နိုင်ငံသားများ၏ စာရင်းတိုးလာမည်ဖြစ်ကြောင်း သိရသည်။

Eleven Media  , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment