Pages

Friday, June 27, 2014

ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် ဒဏ်ရာရသူ ၂၁ ဦးကို အာမခံလျော်ကြေး သိန်း ၈၀ ကျော်ပေး

RangonNewsDaily:: June . 27 .2014
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မေလ ၁၂ ရက်နေ့က ခရီးသည် ၁၆ ဦး သေဆုံးခဲ့သည့် ရာဇာမင်း ခရီးသည်တင် ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်ခဲ့သည့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၁ ဦးအတွက် လျော်ကြေးငွေ ကျပ် ၈၂ သိန်း ပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရသည်။
အထူးခရီးသွား အာမခံအတွက် လျော်ကြေး ကျပ် ၆၆ သိန်းကျော်နှင့် သူတစ်ပါးထိခိုက်မှု အာမခံအတွက် လျော်ကြေးငွေ ကျပ် ၁၆ သိန်းနီးပါး ပေးလျော်ခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။

အာမခံကြေး ပေးလျော်မှုတွင် ဆေးစာ ကွဲလွဲချက်များ ရှိနေသဖြင့် လျော်ကြေးရရှိမှု နည်းပါးခဲ့ကြောင်း ယာဉ်တိမ်းမှောက်မှုထဲတွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့သည့် ဦးကျော်စည်သူ၏ ဖခင်က ပြောဆိုသည်။

“ကျွန်တော့်သားက ခေါင်းပေါက်တယ်။ ခါးကျိုးတယ်လို့ နေပြည်တော်ဆေးရုံက ပြောတယ်။ အာမခံကြေးမှာတော့ ခေါင်းပေါက်တာ တစ်မျိုးတည်းအတွက် (ကျပ်) တစ်သိန်းခွဲပဲ ရတယ်။ သားဆေးဖိုးအတွက် နွားရောင်းပြီး ကုနေတာ ၁၀ သိန်းလောက် ကုန်သွားပြီ” ဟု ၎င်းကဆိုသည်။

ဒဏ်ရာရသူ တစ်ဦးလျှင် ထိခိုက်မှုပေါ် မူတည်၍ အနည်းဆုံး ကျပ်တစ်သိန်းခွဲမှ အများဆုံး ကျပ် ၁၄ သိန်းအထိ ပေးလျော်ခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အနည်းဆုံး တစ်သိန်းခွဲရသူက ၁၃ ယောက်၊ အများဆုံး ၁၄ သိန်းရသူက တစ်ယောက်။ ကျန်လူတွေကတော့ ခုနစ်သိန်း ရှစ်သိန်း ရကြပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အာမခံကြေး ပေးလျော်မှုမှာ သက်ဆိုင်ရာ ဆေးရုံဆရာဝန်ကြီးများ၏ ဆေးစာထောက်ခံချက်အရ တွက်ချက်ခြင်း ဖြစ်ပြီး နစ်နာမှုများ ရှိခဲ့ပါက မြန်မာ့အာမခံ လုပ်ငန်းအပြင် သက်ဆိုင်ရာ ဆေးရုံသို့ တင်ပြနိုင်ကြောင်း ၎င်းကဆိုသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆ ဦး ဖြစ်သော်လည်း ငါးဦးမှာ ဆေးကုသဆဲ ဖြစ်သောကြောင့် ၂၁ ဦးကိုသာ ပေးလျော်ခြင်း ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းထံမှ သိရသည်။

ယင်းရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် လူ ၁၆ ဦး သေဆုံးခဲ့ပြီး ယင်းသေဆုံးသူများအတွက် လျော်ကြေးငွေ ကျပ်သိန်း ၆၀ ကို ယခုနှစ် မေလက ပေးအပ်ခဲ့သည်။

ွှThe Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment