Pages

Thursday, May 22, 2014

မကွေးမြို့ ကလေးကစားကွင်းများရှိ အကြွေစေ့ဂိမ်းစက်များတွင် သိန်းရာချီ အရှုံးပေါ်သူများ ရှိလာ


RangonNewsDaily: May . 21 .2014
နိုင်ငံတော်သမ္မတကြီး၏ ၂၀၁၃ ခုနှစ်အတွက် အဖွံ့ဖြိုးဆုံးမြို့ဆု ပေးအပ်ခံခဲ့ရသည့် မကွေးမြို့ ကလေးကစားကွင်းသုံးခုရှိ အကြွေစေ့ဂိမ်းစက်များတွင် ရက်ပိုင်းအတွင်း သိန်းရာချီ အရှုံးပေါ်သူများရှိလာကြောင်း ကိုယ်တိုင်ကစားခဲ့သူများထံမှ သိရသည်။

မကွေးမြို့ ပြည်တော်သာလမ်း ကောင်းမွန်စင်တာ တတိယထပ်ရှိ Game House ကစားကွင်း၊ သစ္စာလမ်းရှိ ထိန်ထိန်သာကစားကွင်းနှင့် ရန်ကင်းရပ်ရှိ ထူးကစားကွင်းများရှိ အကြွေစေ့ဖြင့် ကစားရသည့် ဂိမ်းစက်များတွင် ကလေးငယ်များမှအစ မိသားစုလိုက်ပါ လုပ်ငန်းတစ်ခုသဖွယ် လာရောက်ကစားလေ့ရှိကြပြီး တစ်နေ့လျှင် ကျပ်သိန်းဆယ်ဂဏန်းအထိ အရှုံးပေါ်သူများ ရှိလာကြောင်း ဒေသခံများက ပြောကြားသည်။

“အစ်မတို့ သားအမိသားအဖသုံးယောက် ကစားတာ သုံးရက်အတွင်း သိန်းတစ်ရာကျော် ကုန်ခဲ့တယ်။ အိမ်ဝိုင်းကိုတောင် ရောင်းလိုက်ရတယ်။ ဒါကလည်း ကိုယ်က သွားကစားလို့ ရှုံးတာပါ။ ဒါပေမဲ့ အရင်နှစ်က အစ်မတူမလေးနာရေးမှာ ဖဲဝိုင်းရှိတယ်ဆိုပြီး လာဖမ်းကြတဲ့အမှုက ခုထိမပြတ်သေးပေမဲ့ ဒီလိုသိန်းနဲ့ချီ ကစားနေတဲ့ စက်တွေကို ဘာလို့ခွင့်ပြုထားလဲဆိုတာ နားမလည်ဘူး” ဟု မကွေးမြို့ ဘူတာရပ် ၃ လမ်းမှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
::
ယင်းကိစ္စနှင့် ပတ်သက်၍ The Daily Eleven သတင်းစာမှ အဆိုပါကစားကွင်း တာဝန်ခံများနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းတို့က ကလေးကစားကွင်းအဖြစ် စည်ပင်သာယာခွင့်ပြုမှုနှင့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း အလောင်းကစားသဘော မသက်ရောက်စေရန် အကြွေစေ့များအား ငွေသားနှင့် ပြန်လဲပေးလေ့မရှိဘဲ ပစ္စည်းများနှင့်သာ လဲလှယ်ပေးလေ့ရှိကြောင်း ပြောကြားခဲ့ကြပြီး ကစားကွင်းများအတွင်း ဓာတ်ပုံရိုက်ခွင့်တောင်းဆိုမှုကို ငြင်းပယ်ခဲ့ကြသည်။

“အကြွေစေ့ကို ငွေနဲ့ပေးဝယ်ရတယ်ဆိုတာ ငွေအစား ကူပွန်ထုတ်ပေးတာပါပဲ အလျော်အစားသဘော ပါနေတဲ့အတွက် လောင်းကစားဥပဒေနဲ့ ငြိတယ်လို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ သူတို့ကိုချပေးထားတဲ့ လိုင်စင်မှာ ဘယ်လိုစည်းကမ်းတွေ ပါမလဲဆိုတာ ရှိတယ်။ လောင်းကစားခွင့်လိုင်စင် ဆိုတာတော့ ကျွန်တော်သိသလောက် ဘယ်မှာမှ ချထားပေးလေ့ မရှိဘူး” ဟု မကွေးမြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။
::
အဆိုပါကိစ္စများနှင့် ပတ်သက်၍ မကွေးမြို့နယ် စည်ပင်သာယာရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ရှိသူ တစ်ဦးထံ The Daily Eleven သတင်းစာမှ မေးမြန်းခဲ့ရာ မကွေးမြို့ပေါ်ရှိ ကစားကွင်းများ လိုင်စင်လျှောက်ထားစဉ်က ကလေးကစားကွင်း အဖြစ်သာ ခွင့်ပြုခဲ့ပြီး မည်သည့်စက် အမျိုးအစား မည်မျှပါဝင်မည်ဟု အသေးစိတ် မပါဝင်ခဲ့ကြောင်း ယခုကဲ့သို့ အကြွေစေ့ဂိမ်းစက်များ ပါဝင်ပြီး လောင်းကစားဥပဒေနှင့် ငြိစွန်းမည့် အခြေအနေများ ဖြစ်ပေါ်လာပါက ကစားကွင်းပိုင်ရှင်များတွင် တာဝန်ယူဖြေရှင်းရန် တာဝန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

(မကွေးမြို့ပေါ်ရှိ အကြွေစေ့ဖြင့် ဂိမ်းကစားခြင်း ပြုလုပ်နေသော ကစားကွင်းတစ်ခုအား တွေ့ရစဉ်)

Eleven Media ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment