Pages

Thursday, March 6, 2014

ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဆိုရန် NLD CEC ဆုံးဖြတ်ချက်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူ ဟု ဆို


RangonNewsDaily: March . 6 .2014
ပြည်တွင်းဂျာနယ်တစ်စောင်နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရာတွင် NLD ပါတီအပေါ် ထိခိုက်စော်ကားစေခဲ့သော ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဆိုရန် NLD ပါတီ၏ CEC အစည်းအဝေးက သဘောတူညီခဲ့ခြင်း ဖြစ်ပြီး ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယင်းဆုံးဖြတ်ချက်ကို သဘောတူလက်ခံကြောင်း သိရသည်။
"ဒီဆုံးဖြတ်ချက်က NLD ပါတီကို ထိခိုက်စော်ကားရုံသာမက ဂုဏ်သိက္ခာ ကျဆင်းစေခဲ့တဲ့ ပြောကြားချက် ဖြစ်တယ်။ တရားသောနည်းလမ်းနဲ့ ယှဉ်ပြိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် လက်ခံထားတဲ့ကြားမှာ ဒီလိုမျိုး တိုက်ခိုက်စော်ကားတာကို လျစ်လျူရှုနေရင် နောင်ကို ဒိထက်ပိုမို ဆိုးရွား လာမယ် လို့ ကျွန်တော်တို့ ခန့်မှန်းနိုင်ပါတယ်။ ဦးလှဆွေကို ဒီလို အရေးယူနိုင်ဖို့ တရားစွဲဖို့ လုပ်ရတာဟာလည်း မလွှဲသာမရှောင်သာ ဖြစ်နေပါတယ်။

ပါတီ CEC အစည်းအဝေးမှာ အားလုံးက သဘောတူ ဆုံးဖြတ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဆက်လက်တင်ပြတဲ့အခါမှာ ပါတီဥက္ကဌကလည်း လက်ခံပါတယ်။ 

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို တရားစွဲဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကျွန်တော်တို့ လေ့လာနေပါပြီ။ ဘယ်တရားရုံးမှာ စွဲမလဲ၊ ဘယ်ပုဒ်မတွေနဲ့ စွဲမလဲ ဒါတွေကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြပြီး ဆောင်ရွက်သွားမှာပါ" ဟု NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောဆိုသည်။

ဦးလှဆွေသည် စိတ်ရင်းစေတနာကောင်းမွန်ကြောင်း၊ ဤသို့ ပြောကြားသည်မှာ ယခင်က ဖြတ်သန်းခဲ့သော လမ်းကြောင်းပေါ်တွင် မူတည်သည် ဟု ယူဆကြောင်း၊ ဦးဝင်းတင်၏ ပြောကြားချက်များနှင့် နှိုင်းယှဉ်ရန် မသင့်ကြောင်း၊ ဦးဝင်းတင်မှာ ပါတီဝင်မဟုတ်ဘဲ ဗဟိုနာယကအဖွဲ့ဝင်သာ ဖြစ်ကြောင်း၊


ဦးလှဆွေမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်နေ၍ အပြောအဆို ပို၍ ဆင်ခြင်သင့်ကြောင်း၊ ဦးဝင်းတင်မှာ ပြင်ပသတင်းစာဆရာဖြစ်၍ ရေးသား ပြောကြားသည်ကို တားဆီး၍ မရကြောင်း၊ ဦးဝင်းတင် ပြောကြားသည်များကို ကြံ့ခိုင်ရေးပါတီက ပြန်လည်တရားစွဲဆိုလျှင် ဦးဝင်းတင်ကိစ္စသာ ဖြစ်ပြီး ပါတီနှင့် သက်ဆိုင်မှု မရှိကြောင်း၊ 

ဦးလှဆွေမှာ NLD ပါတီတစ်ခုလုံးကို ပြောကြားခဲ့ခြင်း ဖြစ်၍ ပါတီကိစ္စ ဖြစ်နေကြောင်း၊ မိမိနှင့် လွှတ်တော်တစ်ခုတည်းတွင် အမြဲတမ်းတွေ့ဆုံနေ၍ အားနာရသော်လည်း ပါတီဆုံးဖြတ်ချက်ဖြစ်၍ မတတ်နိုင်ကြောင်း ၄င်းက ပြောကြားသည်။

ကာယကံရှင် ဦးလှဆွေကမူ ဒီမိုကရေစီသဘောအရ ယုံကြည်ချက်ကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ရှိကြောင်း၊ ယခုကဲ့သို့ NLD ပါတီက တရားစွဲမည် ဟု ပြောနေသည်ကပင် မိမိ၏ဂုဏ်သိက္ခာကို ထိခိုက်နေစေပြီ ဖြစ်ကြောင်း၊ ယင်းသို့ ပြောဆိုခဲ့မှုများအတွက် မိမိဘက်ကလည်း ပြန်လည်တရားစွဲဆိုနိုင်ကြောင်း၊ 


NLD ပါတီက မိမိကို တရားဝင် ဆက်သွယ်ပြောကြားလာခြင်း မရှိသေးကြောင်း၊ NLD ပါတီအနေဖြင့်လည်း ကြံ့ဖွတ်ပါတီ ဟု ပြောခဲ့သည်များ ကြိမ်ဖန်များစွာ ရှိသော်လည်း မိမိတို့ ဗွေမယူခဲ့ကြောင်း၊ ဥပဒေကြောင်းအရ သတ္တိရှိရှိ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ဦးလှဆွေအား တရားစွဲဆိုမည့် သတင်းကို NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က မီဒီယာများသို့ စတင်ဖော်ထုတ် ပြောကြားခဲ့ခြင်း ဖြစ်သော်လည်း နောက်ထပ် ဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိသေးသဖြင့် ဦးဝင်းထိန်၏ ပြောကြားချက်မှာ မပြတ်မသား ဖြစ်နေကြောင်း သိရှိရသည်။

"ဦးဝင်းထိန်က တရားစွဲမယ် ပြောတယ်။ ကျန်တဲ့ NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေက ရေငုံနှုတ်ပိတ်နေတယ်။ အခု သူတို့ထဲက တစ်ယောက်က တရားစွဲဖို့ လုပ်နေပြီ ပြောပြန်တယ်။ ကျွန်တော့်အထင် NLD ပါတီက ဒီလောက်သတ္တိရှိပါ့မလား။ စဉ်းစားစရာ ဖြစ်နေတယ်။ ဟိုနေ့ကပဲ အမျိုးသားလွှတ်တော်ထဲမှာ ရှိတဲ့ NLD အမတ်တစ်ယောက်က ပြောတယ်။ ဦးဝင်းထိန်က သူ့သဘောနဲ့ သူ ပြောတာ၊ ဘယ် CEC အစည်းအဝေးမှာမှ မဆုံးဖြတ်ရသေးဘူး ဆိုပြီး ပြောတယ်။ နောက်တစ်ခုက CEC က ဘာပဲ ဆုံးဖြတ်ဆုံးဖြတ် ဒေါ်စု သဘောထားပါမှ အတည်ဖြစ်တယ်။ ဒီတော့ သူ့ပါတီ ထဲမှာကို အမျိုးမျိုးကွဲနေတယ်" ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။

"NLD မလုပ်ရဲလောက်ပါဘူး။ သူ့မှာ ထောက်ထားရမယ့် ကိစ္စတွေ ရှိသေးတယ်။ ကြံ့ခိုင်ရေးပါတီနဲ့ ဆက်ဆံရေးထိခိုက်မှာကိုလည်း ထည့်တွက်ရမယ်။ အလကား အသံကောင်း ဟစ်တာလို့ ထင်တယ်။ လွှတ်တော်ထဲမှာ NLD က ဒီလောက် ပါဝါ ရှိတာမှ မဟုတ်ဘဲ။ ကြံ့ခိုင်ရေးပါတီ ကို လွန်ဆန်နိုင်တာမှ မဟုတ်တာ။ ကျိန်းသေ ပြောလိုက်မယ်။ 


NLD က တရားစွဲမယ် ဆိုတာ ရှက်ယမ်း ယမ်းပြီး လျှောက်ပြောနေတာ။ အခုပဲ ကြည့်လေ။ NLD ပါတီက အောက်လွှတ်တော်အမတ်က တရားစွဲမယ် ပြောတယ်။ အထက်လွှတ်တော်အမတ်ကလည်း လုပ်နေပြီ ပြောတယ်။ ဘာလုပ်လို့လဲ။ NLD မလုပ်ရဲပါဘူး" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောဆိုသည်။

ပြည်သူ့ အာဏာ , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment