Pages

Thursday, March 6, 2014

ဒုံးကျည် ကာကွယ်ရေးစနစ် အတွက် အစ္စရေးထံမှ နည်းပညာ အိန္ဒိယ ဝယ်ယူ


RangonNewsDaily: March . 6 .2014
အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းက ပြည်ပမှ တိုက်ခိုက်လာမည့် ဒုံးကျည်များကို ကာကွယ်နိုင်ရန် အတွက် အစ္စရေး ကာကွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်ကာ နည်းပညာများ ဝယ်ယူမှု စတင်ပြီ ဖြစ်ကြောင်း strategy page.com အင်တာနက် စာမျက်နှာက အစိုးရ ထုတ်ပြန်ချက်များကို ကိုးကားလျက် ဖော်ပြထားသည်။
ယင်းနည်းပညာ များဖြင့် ဒုံးကျည် ကာကွယ်ရေး လက်နက်စနစ်များ တည်ဆောက်မည် ဖြစ်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။

အိန္ဒိယတွင် ယခင်ကတည်းက ဒုံးကျည်ရန် ကာကွယ်ရေး စနစ်များ ရှိပြီးသား ဖြစ်သော်လည်း နည်းပညာ အဆင့်မြှင့်တင်ကာ နောက်ဆုံးပေါ် အစ္စရေးမိုဒယ် စနစ်များကို တပ်ဆင် လိုသောကြောင့် ယင်းသို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။

အိန္ဒိယသည် ပါကစ္စတန်နိုင်ငံနှင့် တင်းမာသော အခြေအနေများ ဖြစ်လျက်ရှိကာ ပါကစ္စတန် နိုင်ငံတွင်လည်း နျူကလီးယား ထိပ်ဖူးများ တပ်ထားသည့် တာတို၊ တာလတ် ဒုံးကျည်များ ရှိနေသည်။

ထို့ပြင် ဒေသတွင်း အဓိက ပြိုင်ဘက် တရုတ်သည်လည်း ရေတပ်အင်အားနှင့် ဒုံးကျည် ပစ်ခတ်ရေး အင်အားများ ယခု ဆယ်စုနှစ်အတွင်း အလွန်အမင်း မြှင့်တင်လာခဲ့ပြီး မကြာသေးခင်ကလည်း စစ်သုံး စရိတ်များကို တိုးမြှင့် အသုံးပြုမည်ဟု ကြေညာထားသည်။

ဒုံးကျည် ကာကွယ်ရေး စနစ်နှင့် စပ်လျဉ်းပြီး အစ္စရေးနှင့် အမေရိကန် ပြည်ထောင်စုတို့သည် နှစ်ပေါင်းများစွာ အတွေ့အကြုံ ပြည့်ဝပြီးသော နိုင်ငံများ ဖြစ်ကြကာ အိန္ဒိယသည် အစ္စရေး၏ လက်နက်များနှင့် စစ်သုံး အီလက်ထရွန်နစ် နည်းပညာတို့ကို အဓိက ဝယ်ယူနေသည့် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။

အမေရိကန် ကာကွယ်ရေး အပတ်စဉ် ဂျာနယ်ကလည်း အိန္ဒိယ၏ အစ္စရေး နည်းပညာဖြင့် အဆင့်မြှင့်မည့် သတင်းကို အတည်ပြုပေးခဲ့ပြီး အစ္စရေး အစိုးရပိုင် ဒုံးကျည် ကာကွယ်ရေးစနစ် ကုမ္ပဏီနှင့် နောက်ထပ် ကာကွယ်ရေး ကန်ထရိုက် ကုမ္ပဏီ တစ်ခုတို့ အိန္ဒိယ ကာကွယ်ရေး ဌာနနှင့် ပူးပေါင်း လုပ်ဆောင်ကြမည် ဖြစ်ကြောင်း ရေးသားထားသည်။

အစ္စရေး ဒုံးပျံ ကာကွယ်ရေးနစ်တွင် Arrow-3 ဟု အမည်ပေးထားသော စနစ်သည် နောက်ဆုံးပေါ် ဖြစ်ပြီး အမေရိကန် ကုမ္ပဏီ ဘိုးအင်းနှင့် ပူးပေါင်း ထုတ်လုပ်ခြင်း ဖြစ်သည်။

အီရန်၏ ရှီဟတ်-၃ ဒုံးကျည်များကို ကာကွယ်နိုင်ရန် အဓိကပုံစံ ထုတ်ထားခြင်း ဖြစ်ပြီး ယင်းဒုံးကျည်များထက် ပိုပြီး အဆင့်မြင့်သော ပြည်ပ တာလတ်၊ တာတို ဒုံးကျည်များကို ကာကွယ်နိုင်ပေသည်။

၂၀၀၉ ခုနှစ်ကလည်း အိန္ဒိယရေတပ်နှင့် အစ္စရေး ကာကွယ်ရေးဌာနတို့ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန် စာချုပ် ချုပ်ဆိုခဲ့ပြီး အိန္ဒိယ ရေတပ် သင်္ဘောများအတွက် လေကြောင်းရန် ကာကွယ်ရေး စနစ်များ တပ်ဆင်ရေးကို တာဝန်ယူထားခဲ့ဖူးသည်။

The Voice  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment