Pages

Thursday, March 6, 2014

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂလီကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ ဟု ဆို


RangonNewsDaily: March . 6 .2014
ဘင်းစတက်အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ သော ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရာတွင် ဘင်္ဂလီကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
"မှန်ပါတယ်။ ကျွန်တော်တို့ ဥက္ကဌနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ တွေ့ဆုံတဲ့ အခါမှာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က သူတို့ဘက်မှာ ရောက်နေတဲ့ ဘင်္ဂလီဒုက္ခသည်တွေကို မြန်မာနိုင်ငံအနေနဲ့ ကူညီဖြေရှင်းပေးဖို့ ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးနဲ့ပတ်သက်လို့ အလေးထား ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် ၂၀၁၅ ကျော်လွန်လို့ NLD ပါတီ အနိုင်ရရှိမှသာ ထိထိရောက်ရောက်ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ်၊ လက်ရှိ အချိန်မှာတော့ လွှတ်တော်ထဲမှာ အင်အားအနည်းငယ်ပဲ ရှိတဲ့ NLD အနေနဲ့ ဒီကိစ္စကို စတင်ရင် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်၊ 

ဒါက နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ ပေါင်းပြီး ဖြေရှင်းရမယ့် ကိစ္စ ဖြစ်တယ် ဆိုပြီး ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့တယ် ဆိုတာ သိရပါတယ်" ဟု NLD ပါတီမှ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက ပြောဆိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် သတင်းစာတစ်စောင်တွင် ဖော်ပြပါရှိလာခဲ့သည်။

လက်ရှိအစိုးရ ဆောင်ရွက်နေသည်မှာ ဘက်လိုက်ရာ ရောက်ရှိနေပြီး လူ့အခွင့်အရေးနှင့် လွတ်လပ်စွာကိုးကွယ်မှုကို ထိပါးရာ ရောက်နေသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ရှိတ်ဟာဆီနာကို ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲဝင်လျက် ရှိသော NLD ပါတီကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲများ တွင် NLD ပါတီ အများစု အနိုင်ရရှိခဲ့ပါက နှစ်နိုင်ငံ အကြား ညှိနှိုင်းဆွေးနွေးနိုင်ခြင်း မရှိသေးသော ဘင်္ဂလားနယ်စပ်ရှိ ဘင်္ဂလီ ဒုက္ခသည်များ ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မည် ဟု မျှော်လင့်ရကြောင်း၊ 


ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရမှာ ဘင်္ဂလီ ကိစ္စနှင့်ပတ်သက်၍ ခါးခါးသီးသီး ဖြစ်နေရာ နှစ်နိုင်ငံအကြား ဆက်ဆံရေး အေးခဲနေပြီး နှစ်နိုင်ငံကုန်သွယ်မှုလည်း သိသိသာသာ တိုးတက်လာခြင်း မရှိသေးကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။

အာဆီယံနှင့် တောင်အာရှအကြား ပေါင်းကူးနေရာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရယူထားပြီး အိန္ဒိယနိုင်ငံကဲ့သို့ Look East ပေါ်လစီ ချမှတ်ဆောင်ရွက်ရန် ပြင်ဆင်ထားသော်လည်း ဘင်္ဂလားနယ်စပ်ရှိ မြန်မာဒုက္ခသည်များ အလုံးအရင်းဝင်ရောက်လာမှု ပြဿနာများကြောင့် နယ်စပ်ဒေသတွင် မတည်မငြိမ်မှုများ ဖြစ်ပေါ်နေရကြောင်း၊ နိုင်ငံတကာကလည်း ဘင်္ဂလား နယ်စပ်ကို ပိတ်ပင်ထားခြင်း မပြုရန် ဖိအားပေးလျက် ရှိကြောင်း၊ 


ထိုသို့ အခက်အခဲကြုံနေချိန်တွင် မြန်မာအစိုးရက ညှိနှိုင်းရန် လကမခံခြင်း မပြုသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရရှိချိန်တွင် ညှိနှိုင်း ဆွေးနွေးမှုများ အောင်မြင်နိုင်ဖွယ်ရာ ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာက လေးစားရပြီး သြဇာကြီးမားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း၊

 ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဖြစ်၍လည်း လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးတို့ကို အလေးထားသူ ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်နှင့် သူမတို့၏ တွေ့ဆုံမှုမှာ အချိန် အတော်ကြာ ကြာမြင့်ပြီး နယ်စပ်ဒေသရှိ ဘင်္ဂလီများ ကိစ္စကို ညှိနှိုင်းဆောင်ရွက်ပေးရန် လက်ခံသည့် သဘောမျိုး ပြောကြားခဲ့ကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။

"တွေ့ဆုံရတာ ကျေနပ်အားရစရာပါပဲ။ ဘင်္ဂလီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေက အပြုသဘောဆောင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် စံနမူနာယူရမယ့် ခေါင်းဆောင်တစ်ယောက်ပါ။ 


လူသားချင်းစာနာထောက်ထားမှုနဲ့ ပတ်သက်လို့ အရမ်းကို အမြော်အမြင် ရှိသူ ဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ ကျွန်မတို့ ညီအစ်မအရင်းသဖွယ် ခံစားမိတဲ့အထိ ရင်းနှီးသွားပါတယ်။ သူက သိပ်ကို ကြီးကျယ်မြင့်မြတ်တဲ့ ဒီမိုကရေစီသူရဲကောင်းတစ်ဦးပါ" ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားသည်။ 

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့အား တွေ့ဆုံခဲ့ပြီး သီးခြားအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပြည်သူအာဏာ , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment