Pages

Friday, March 7, 2014

အရန်မီးသတ် တပ်ဖွဲ့ဝင်များကို ယခုထက်ပိုပြီး ကူညီစောင့်ရှောက်ပေးရန် လွှတ်တော်ဥက္ကဋ္ဌ ပြောကြား


RangonNewsDaily: March . 7 .2014
မီးဘေးအန္တရာယ် ကာကွယ် တားဆီးရေးတွင် ပါဝင်ဆောင်ရွက် ပေးနေသည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များကို ယခုထက်ပို၍ ကူညီစောင့်ရှောက်ပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မတ်လ ၆ ရက်နေ့၌ ပြုလုပ်သည့် နဝမအကြိမ် ပုံမှန်အစည်းအဝေးတွင် ပြောကြားလိုက်သည်။
အရန်မီးသတ် တပ်ဖွဲ့ဝင်များ၏ ပါဝင် ထမ်းဆောင်မှုအပေါ် ငွေကြေး ချီးမြှင့်ပေးခြင်း မရှိပါကြောင်း အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ရှင်းလင်း ဖြေကြားခဲ့မှုအပေါ် လွှတ်တော်ဥက္ကဋ္ဌက ယင်းကဲ့သို့ ဖြည့်စွက် ပြောကြားခြင်း ဖြစ်သည်။

“အရန်မီးသတ်နဲ့ ပတ်သက်လို့ ကျွန်တော်လည်း ထဲထဲဝင်ဝင် ဆက်ဆံဖူးပါတယ်။ သူတို့ဟာ ပရဟိတ စိတ်ဓာတ်နဲ့ တကယ့်ကို စေတနာ ထက်ထက်သန်သန်နဲ့ လုပ်တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့ကို ဒီထက် ပိုပြီးတော့ ကရုဏာထားပေးဖို့ လိုပါတယ်။ သူတို့ဟာ မိမိဝမ်းစာလည်း မိမိရှာဖွေရတယ် ပြီးတော့ ကျရောက်လာတဲ့ တာဝန်ကိုလည်း ကျေကျေပွန်ပွန် ထမ်းဆောင်လေ့ ရှိတယ်” ဟု ဦးခင်အောင်မြင့်က ပြောကြားသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်းက နိုင်ငံတော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် အရန်မီးသတ် အဖွဲ့ဝင် တစ်ဦးလျှင် တူညီဝတ်စုံ စရိတ်အတွက် ထောက်ပံ့ငွေ ကျပ်တစ်သောင်းနှုန်း ထောက်ပံ့ကူညီ ပေးခဲ့ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ် တပ်ဖွဲ့ပိုင် မီးသတ်ယာဉ်များ လစဉ် စက်နှိုးစမ်းသပ်ဆီနှင့် မီးလောင်မှုများအတွက် စက်သုံးဆီ ခုနစ်ဂါလံနှုန်း ဝယ်ယူ အသုံးပြုနိုင်ရန် လာမည့် ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် မီးသတ်ဦးစီး ဌာနမှူးရုံးများက သက်ဆိုင်ရာ အစိုးရ အဖွဲ့ရုံးများသို့ ဘဏ္ဍာငွေ ခွင့်ပြုမိန့် တင်ပြတောင်းခံ ထားကြောင်း၊ ခွင့်ပြုမိန့် ရရှိပါက ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆိုသည်။

ယခင်က အရန်မီးသတ်ယာဉ်များအတွက် တစ်လလျှင် စက်နှိုးဆီ လေးဂါလန် ထောက်ပံ့ ပေးခဲ့သော်လည်း ယခုအခါတွင် ကိုယ့်အားကိုယ်ကိုး နေရသည့်အပြင် အရန် မီးသတ် တပ်ဖွဲ့ဝင်များ အနေနှင့် မိသားစု စားဝတ်နေရေး အခက်အခဲ များကြောင့် ပါဝင်ထမ်းဆောင်နိုင်မှု မရှိတော့ကြောင်း၊ အရန်မီးသတ် ယာဉ်များနှင့် ယာဉ်မောင်းများအတွက် စက်နှိုးဆီနှင့် ယာဉ်မောင်းများအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်ရှိ မရှိ မေးမြန်းခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၅ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကံညွန့်က ပြောဆိုသည်။

ယင်းအပြင် အရန်မီးသတ် ရဲဘော်အချို့ မျိုးဆက်သစ်များကို သင်တန်းများ ပေးခြင်း၊ ဝတ်စုံများ အလှူခံ၍ ဆင်ယင်ရခြင်း၊ လူဟောင်းများက လက်တွဲခေါ်ယူ စည်းရုံးနေရပြီး မီးသတ်ယာဉ်များ အတွက်လည်း ရပ်မိရပ်ဖများ၏ အကူအညီများဖြင့်သာ ဆောင်ရွက်နေရကြောင်း ၎င်းက ထပ်မံရှင်းလင်း ပြောဆိုသည်။

မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၃၃၀ ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အရန်မီးသတ် တပ်ဖွဲ့ဝင် အမျိုးသား ၂၆၄,၀၄၂ ဦးနှင့် အမျိုးသမီး ၃၅၀၃ ဦး ရှိပြီး အရန်မီးသတ် တပ်ဖွဲ့ပိုင် မီးငြှိမ်းသတ်ယာဉ် ၆၈ စီး၊ ရေသယ်ယာဉ် ၅၈ စီးနှင့် မီးသတ်စက်ယာဉ် ၁၃ စီး ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment