Pages

Friday, March 7, 2014

ကရိုင်းမီးယားဒေသကို ယူကရိန်းမှ ခွဲထွက်၍ ရုရှားနိုင်ငံတွင်း ဝင်ရောက်ရန် ကရိုင်းမီးယား ပါလီမန်ဆုံးဖြတ်


RangonNewsDaily: March . 7 .2014
ရုရှား လိုလားသော ယူကရိန်းသမ္မတ ယာနူကိုဗစ်ခ်ျကို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့ဝင်များ ဝင်ရောက်လာသော ကရိုင်းမီးယားဒေသ၏ ပါလီမန်က ကရိုင်းမီးယားဒေသကို ရုရှား ပြည်ထောင်စုတွင်းသို့ ဝင်ရောက်ရန် ထောက်ခံမဲ ပေးခဲ့ကြကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
လောလောဆယ် ယူကရိန်းနိုင်ငံ နယ်နိမိတ်တွင် ပါဝင်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကရိုင်းမီးယား ဒေသကို ရုရှား ပြည်ထောင်စု လက်အောက်သို့ သွတ်သွင်းရန် ကရိုင်းမီးယား ပါလီမန်လွှတ်တော် အမတ်များက ကြာသပတေးနေ့တွင် ထောက်ခံမဲ ပေးခဲ့ကြခြင်း ဖြစ်သည်။

ကရိုင်းမီးယားကို ရုရှား ပြည်ထောင်စုနှင့် ပူးပေါင်းရေး ပါလီမန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မတ်လ ၂၆ ရက်နေ့တွင် ကရိုင်းမီးယား ပြည်သူများက ဆန္ဒခံယူပွဲ ကျင်းပ၍ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။

ကရိုင်းမီးယားဒေသကို ယူကရိန်းနိုင်ငံမှ ခွဲထွက်၍ ရုရှား ပြည်ထောင်စုအတွင်း ဝင်ရောက်ခြင်းက ယူကရိန်း အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ယူကရိန်း ကြားဖြတ် အစိုးရအဖွဲ့၏ စီးပွားရေးဝန်ကြီး ပါဗလိုရှရီမီတာက ပြောကြားသည်။

ရုရှားလိုလားသော ယူကရိန်းသမ္မတ ယာနူကိုဗစ်ခ်ျကို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ရုရှားလူမျိုးများ အများစု နေထိုင်ရာ ကရိုင်းမီးယား ဒေသသို့ ရုရှားတပ်ဖွဲ့ဝင်များ ဝင်ရောက် လာပြီးနောက် ယူကရိန်း အကျပ်အတည်း စတင်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိ အချိန်တွင် ယူကရိန်းနိုင်ငံအပေါ် ရုရှားက စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခြင်းနှင့် ပတ်သက်၍ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အရေးပေါ် အစည်းအဝေး ကျင်းပလျက်ရှိစဉ် ယခုကဲ့သို့ ကရိုင်းမီးယား ပါလီမန်က ကရိုင်းမီးယားကို ယူကရိန်းမှ ခွဲထွက်၍ ရုရှား ပြည်ထောင်စုအတွင်း ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ကရိုင်းမီးယားဒေသကို ရုရှား ပြည်ထောင်စု အတွင်းသို့ဝင်ရောက်ရန် ကရိုင်းမီးယား ပါလီမန်၏ ဆုံးဖြတ်ချက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် သိရှိပြီး ဖြစ်ကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမိထရီပတ်စ်ကော့ဗ်က ပြောကြားသည်။

ထို့အတူ ကရိုင်းမီးယား ပါလီမန် အမတ်များကလည်း ကရိုင်းမီးယားကို ရုရှား၏ အစိတ်အပိုင်းဖြစ်ရန် တောင်းဆိုချက်နှင့် ပတ်သက်၍ ရုရှား၏ တုံ့ပြန်ချက်ကို စောင့်စားလျက် ရှိကြောင်း ကရိုင်းမီးယား ပါလီမန်တွင်းရှိ သတင်းရင်းမြစ်များက ဘီဘီစီ သတင်းဌာနကို ပြောကြားသည်။

ကရိုင်းမီးယားဒေသတွင် ရုရှားတပ်ဖွဲ့ဝင်များ ဝင်ရောက် လာခြင်းကြောင့် တင်းမာလျက် ရှိနေချိန်တွင် ကရိုင်းမီးယားသို့ လာရောက်သော ကုလသမဂ္ဂ အကြီးတန်း ကိုယ်စားလှယ်ကိုလည်း ရုရှားလိုလားသော လူအုပ်ကြီးက လေယာဉ်ပေါ် ပြန်တက်၍ ကရိုင်းမီးယားမှ ထွက်သွားရန် ဝိုင်းဝန်း ဆန္ဒပြခဲ့ကြသည်။

ဘရပ်ဆဲလ်တွင် ပြုလုပ်လျက်ရှိသော ကရိုင်းမီးယားအရေးနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ နိုင်ငံများ၏ အရေးပေါ် အစည်းအဝေးမှာလည်း ရုရှားကို အသွင်သဏ္ဌာန်အရ ဆန့်ကျင်သည့် ဆုံးဖြတ်ချက်များ ချခြင်းထက်ပိုသော ဆုံးဖြတ်ချက်များ ချနိုင်ဖွယ် မရှိဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ရုရှားသည် ဥရောပနိုင်ငံအတွက် သဘာဝဓာတ်ငွေ့ကို အဓိက ရောင်းချပေးရာ နိုင်ငံဖြစ်ပြီး ဥရောပ နိုင်ငံများနှင့်လည်း စီးပွားရေး အဆက်အဆံများသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ယူကရိန်းအပေါ် စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခြင်းကြောင့် ရုရှားကို စီးပွားရေး ပိတ်ဆို့ အရေးယူမည် ဆိုပါက ဥရောပနိုင်ငံများ၏ ထောက်ခံမှု မပါဘဲ အမေရိကအနေနှင့် ပြုလုပ်နိုင်ဖွယ် မရှိပေ။

ရုရှားနှင့် အမေရိကတို့၏ ကုန်သွယ်ရေး ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်သာရှိပြီး ရုရှားနှင့် ဥရောပနိုင်ငံများ၏ ကုန်သွယ်ရေး ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၆၀ ခန့် ရှိသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment