Pages

Friday, March 7, 2014

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် တန်ဖိုးနည်း ဖုန်းကတ်များ ရောင်းချသည့် ပုံစံပြောင်း

RangonNewsDaily: March . 7 .2014
ရန်ကုန်မြို့တော်ရှိ စမ်းချောင်း၊ တာမွေ၊ ကြည့်မြင်တိုင် အစရှိသော မြို့နယ်အချို့တွင် ၁၅၀၀ တန်ဖိုးနည်း ဖုန်းကတ်များကို မဲနှိုက်သည့် စနစ်ဖြင့် မဟုတ်ဘဲ ယခင် ဖောင်တင်ထားသူများ အားလုံး လာရောက် ထုတ်ယူခွင့် ပြုသည့် စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း အဆိုပါ မြို့နယ်များရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများထံမှ စုံစမ်း သိရှိရသည်။
“ကျွန်တော်တို့ ရပ်ကွက်မှာ ဖောင်တင်ထားတဲ့လူ ၂၉၆ ဦး ကျန်တယ်။ ချထားပေးတာ ကလည်း ၂၉၆ ကတ်ဆိုတော့ မဲနှိုက်စရာ မလိုဘူး။ လာထုတ်ရုံပဲလို့ ကြေညာလိုက်တာ” ဟု စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက် ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူက ဆိုသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးများက အစည်းအဝေး ခေါ်၍ မြို့နယ် အတွင်းရှိ မဲလုံးဝ မပေါက်သေးဘဲ ကျန်ရှိနေသည့် အိမ်ထောင်စုများကို မဲမနှိုက်စေဘဲ လာရောက် ထုတ်ယူစေခြင်း ဖြစ်ပြီး လာမည့် လများတွင် ချထားပေးမည့် တန်ဖိုးနည်း ဖုန်းကတ်များကိုမူ အရေအတွက်ပေါ် မူတည်၍ ယခင်အတိုင်း မဲစနစ်များဖြင့်သာ ပြန်လည် ထုတ်ပေးသွားရန် ရှိကြောင်း သက်ဆိုင်ရာ မြို့နယ် အသီးသီးမှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများထံမှ စုံစမ်း သိရှိရသည်။

သို့သော်လည်း မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ၊ လှိုင်သာယာ၊ အလုံ စသည် မြို့နယ်များတွင်မူ ယခုကဲ့သို့ ပြုလုပ်သွားမည် မဟုတ်ဘဲ ယခင် အတိုင်းသာ မဲစနစ်ဖြင့် ချထားပေးသွားမည် ဖြစ်ကြောင်း အဆိုပါ မြို့နယ်များရှိ ရပ်ကွက် အသီးသီးမှ အုပ်ချုပ်ရေးမှူးများက ဆိုသည်။

“ကျွန်တော်တို့ဘက်က ကတ်ချပေးတယ်။ ကတ်ဘယ်လောက် ချပေးမယ် ဆိုတာကို သတင်းစာမှာ ကြေညာပေးတယ်။ ဒါပဲ။ ကျန်တာကို တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြို့နယ် အုပ်ချုပ်ရေး ရုံးတွေကပဲ စီမံခန့်ခွဲတာပါ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးကျော်စိုးဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းကတ်များသည် ပြင်ပဈေးကွက် အတွင်းတွင် ပေါက်ဈေး အမျိုးမျိုးဖြင့် အရောင်းအဝယ် ဖြစ်နေပြီး အချို့ နေရာများတွင် CDMA 800 MHZ ဖုန်းကတ်များမှာ ကျပ် ၆၀၀၀၀ ခန့်နှင့် GSM ဖုန်းကတ်များမှာမူ ၉၀၀၀၀ ဝန်းကျင်ဖြင့် ရောင်းနေကြကြောင်း မိုဘိုင်းလ် ဖုန်းဆိုင်များ ထံမှ စုံစမ်း သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံအတွင်း တန်ဖိုးနည်း ဖုန်းကတ် အရေအတွက် ၄ သန်းခွဲကျော် ချထားပေးပြီး ဖြစ်ပြီး ပြည်တွင်းတွင် တယ်လီဖုန်း သုံးစွဲသူပေါင်း ခြောက်သန်းကျော် ရှိကြောင်း သိရှိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment