Pages

Tuesday, February 25, 2014

ချန်ပီယံလိဂ် ဆုဖလားကို ချိန်ရွယ်နိုင်သည့်အသင်း (၁၀)သင်းမျှရှိဟု ဗန်ပါစီမှတ်ချက်ပြု


RangonNewsDaily: February . 25 .2014
ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်သို့ ရောက်ရှိနေသော အသင်းများအနက် ချန်ပီယံလိဂ် ဆုဖလားကို ချိန်ရွယ်နိုင်စွမ်းရှိသည်မှာ (၁၀)သင်းမျှ ရှိနေကြောင်း ရော်ဘင်ဗန်ပါစီက မှတ်ချက်ပြုခဲ့သည်။
မန်ချက်စတာ ယူနိုက်တက် အသင်း၏ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးက ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသော မိမိတို့ အသင်းသည်လည်း ချန်ပီယံလိဂ် ဆုဖလားအတွက် မျှော်လင့်ချက် ထားရှိကြောင်း ဆိုသည်။

ယူနိုက်တက်သည် ပရီးမီးယားလိဂ်တွင် ရလဒ်များ ဆိုးရွားနေသည့်နောက် လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပင် မရေမရာ ဖြစ်နေရာ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲသည်အထိ ရုန်းကန်အားထုတ်ရေးသည် မျှော်လင့်ချက်တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ ယူနိုက်တက် အနေဖြင့် (၁၆)သင်း ရှုံးထွက်အဆင့်တွင် ဂရိချန်ပီယံ အိုလံပီယာကော့စ်နှင့် တွေ့ဆုံမည်ဖြစ်သည်။

ဗန်ပါစီက "ကိုယ်က ခြေစွမ်းကောင်းကောင်း ကစားနိုင်ပြီး ကံကြမ္မာ အထောက်အပံ့လည်း ရှိမယ်ဆိုရင် အများကြီး ရှေ့ဆက် မျှော်လင့်နိုင်ပါတယ်။ လက်ရှိမှာတော့ ချန်ပီယံလိဂ် ဆုဖလားကို မျှော်လင့်နိုင်တာက (၈)သင်းကနေ (၁၀)သင်းလောက်ထိ ရှိနေတုန်းပါ"ဟု ပြောကြားခဲ့သည်။ ယူနိုက်တက်သည် အိုလံပီယာကော့စ်နှင့် (၂)ကျော့တွေ့ဆုံမှုတွင် အခြေအနေ အဘက်ဘက်မှ အသာစီး ရနေသော်လည်း ပေါ့လျော့ရန် မသင့်ဟု ဝါရင့်ကွင်းလယ် ကစားသမားကြီး ရိုင်ယန်ဂစ်ကမူ သတိပေးထားသည်။

"ဂရိမြေမှာ သွားကစားတဲ့အခါ သူတို့အိမ်ကွင်းရဲ့ လှုံ့ဆော်မှုက အင်မတန် ပြင်းထန်ပါလိမ့်မယ်။ အိုလံပီယာကော့စ် ပရိသတ်တွေဟာ သူတို့အသင်းကို လှိုက်လှိုက်လှဲလှဲ သောင်းသောင်းဖြဖြ အားပေးတတ်တယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ကျွန်တော်တို့ကို လိုက်အားပေးမယ့် ပရိသတ်တွေကလည်း အားပေးကြမှာပါပဲ။


ဒီအခါ တကယ့်ကို ခမ်းနားတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်လာလိမ့်မယ်။ ဒီလိုအနေအထားမှာ ဘယ်လိုပြိုင်ဘက်နဲ့ ကစားရတာဖြစ်စေ၊ လွယ်လွယ်ကူကူ မဖြစ်နိုင်တော့ဘူး ဆိုတာကို သတိထားရပါလိမ့်မယ်"ဟု ဂစ်က ပြောကြားသွားသည်။ 

ဂစ်သည် ယူနိုက်တက်နှင့် အိုလံပီယာကော့စ်တို့ ယခင်က ကစားဖူးသည့် (၄)ကြိမ်လုံးတွင် ပါဝင်ခဲ့ပြီး အင်္ဂလန်ကလပ်ကပင် ပွဲတိုင်း
အနိုင်ရရှိထားသည်။

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment