Pages

Tuesday, February 25, 2014

ဗင်နီဇွဲလား ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသမားများကြား အဓိကရုဏ်း ဖြစ်ပွား


RangonNewsDaily: February . 25 .2014
ဗင်နီဇွဲလား နိုင်ငံ၏ မြို့တော် ကာရာကက်စ်တွင် ရဲတပ်ဖွဲ့နှင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများကြား အဓိကရုဏ်း ဖြစ်ပွားခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယို ဗုံးများ အသုံးပြုခဲ့ပြီး ဆန္ဒပြ သမားများက ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့သဖြင့် လူအချို့ ဒဏ်ရာ ရရှိခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံတွင် ဆန္ဒပြပွဲများ ဖြစ်ပွား နေသည်မှာ နှစ်ပတ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပြီး လက်ရှိ အချိန်ထိ လူ ၁၀ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။

လက်ဝဲဝါဒီ တစ်ဦးဖြစ်သည့် ဗင်နီဇွဲလား သမ္မတ မာဒူရိုကမူ အကြမ်းဖက် ဆန္ဒပြမှုများကို အမေရိက ကျောထောက် နောက်ခံပြု လက်ယာဝါဒီ အဖွဲ့များက အာဏာသိမ်းရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု စွပ်စွဲ ပြောကြားထားသည်။

“ကျွန်တော်တို့မှာ ခိုင်မာ အားကောင်းတဲ့ ဒီမိုကရေစီ စနစ်ရှိပါတယ်။ ဒီမိုကရေစီ နည်းကျတဲ့ အတိုက်အခံတွေသာ မရှိတာပါ” ဟု မာဒူရိုက ကာရာကက်စ် မြို့တွင် ပြောကြားသည့် မိန့်ခွန်း တစ်ခုတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ၏ လက်ရှိ သမ္မတ မာဒူရိုသည် တိုင်းပြည်အား ၁၄ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဟူဂိုချာဗက်ဇ် ကွယ်လွန်သွားပြီးနောက် ပြီးခဲ့သည့်နှစ် ဧပြီလ အတွင်းက ကျင်းပသည့် ရွေးကောက်ပွဲတွင် အနိုင်ရကာ အာဏာ ရလာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သောနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် အတိုက်အခံ ခေါင်းဆောင် ဟင်းနရစ် ကက်ပရီလယ်စ်သည် ကာရာကက်စ်မြို့တွင် ပြုလုပ်ခဲ့သည့် ချီတက် ဆန္ဒပြပွဲ တစ်ခုကို ဦးဆောင်ခဲ့ပြီး ပြီးခဲ့သော အင်္ဂါနေ့က အတိုက်အခံ နိုင်ငံရေးသမား တစ်ဦးကို အကြမ်းဖက်မှုများ ဖြစ်ပွားအောင် လှုံ့ဆော်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့သည့် အစိုးရ အဖွဲ့၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

အတိုက်အခံ ခေါင်းဆောင် မစ္စတာ ကက်ပရီလယ်စ်က ဆန္ဒပြခြင်းကို ဆက်လက် ပြုလုပ်ရန်၊ သို့သော် မည်သည့် ပုံစံနှင့်မျှ အကြမ်းဖက်မှုများကို မပြုလုပ်ကြရန် ၎င်းအား ထောက်ခံသူများကို တောင်းဆို ထားသည်။

“ဆန္ဒပြစရာ အကြောင်းပေါင်း သန်းနဲ့ချီပြီး ရှိပါတယ်။ ပြဿနာတွေက အများကြီးပါပဲ။ ဒုက္ခရောက်နေတဲ့ သူတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ တည်ဆောက် ထားတဲ့ လှုပ်ရှားမှု ပုံစံကတော့ ကွဲပြား ခြားနားမှု ရှိရပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆန္ဒပြ သမားများသည် တိုင်းပြည်အတွင်း ရာဇဝတ်မှုများ ထူပြောနေခြင်း၊ ငွေကြေး ဖောင်းပွမှု မြင့်မားနေခြင်းနှင့် အခြေခံ စားသောက်ကုန်များ ပြတ်လပ်ခြင်းတို့ကို မကျေနပ်သဖြင့် ဆန္ဒပြပွဲများ ဆင်နွှဲနေကြခြင်း ဖြစ်သည်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများသည် တာချီရာ ပြည်နယ် အနောက်ပိုင်းနှင့် မာရီဒါ ပြည်နယ်တို့ တွင်လည်း ချီတက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

ဗင်နီဇွဲလား နိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသော ဆန္ဒပြပွဲများမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်ပြီး ကာရာကက်စ်မြို့ ချီတက် ဆန္ဒပြပွဲများအတွင်း အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သုံးဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment