Pages

Thursday, November 7, 2013

၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး လုံခြုံရေးအဖွဲ့ ပစ်ခတ်သဖြင့် တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

RangonNewsDaily:: November . 7 .2013
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အနီးတွင် လုံခြုံရေးအရ ကိုယ်ပိုင်ယာဉ် တစ်စီးကို စစ်ဆေးရန် တားဆီးစဉ် ရပ်နားပေးခြင်း မရှိဘဲ ဖြတ်မောင်းသွားသဖြင့် လုံခြုံရေးအဖွဲ့က သေနတ် ဖြင့်ပစ်ခတ်ရာ အကောက်ခွန်ဝန်ထမ်း လေးဦး ဒဏ်ရာရ၍ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း သိရှိရသည်။
“လုံခြုံရေးအရ အမိန့်ပေး တားမြစ်ထားတဲ့ နေရာ၊ ကန့်သတ်ထားတဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့် ပစ်မိန့် ပေးထားပါတယ်။ အဲဒီနေရာတွေက KIA/SSA လမ်းကြောင်း ရှိတဲ့အတွက် လုံခြုံရေးအရ ပစ်မိန့် ပေးထားတယ်။ အခုချိန်မှာတော့ လုံခြုံရေးယူထားတဲ့ အဖွဲ့တွေထဲက ဘယ်အဖွဲ့က ပစ်တာလဲ ဆိုတာကို စုံစမ်းစစ်ဆေး နေပါတယ်” ဟု ၎င်းက ဆိုသည်။
::
မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး ထားရှိသည့် လုံခြုံရေး အဖွဲ့တွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ အကောက်ခွန်တို့ ဖွဲ့စည်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
::
“မူဆယ် ၁၀၅ မိုင်နမ့်ခွန်ရွာနားမှာ ဖြစ်တယ်လို့ သိရတယ်။ တပ်မတော် ဘက်က ကားရပ်ခိုင်းတာ ကား မရပ်လို့ ပစ်လိုက်တယ်ဆိုတာ သိရတယ်။ အကောက်ခွန်ဌာန ဝန်ထမ်းတွေ ဒဏ်ရာရတယ်” ဟု မူဆယ် ၁၀၅ မိုင် အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
::
အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူများ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ည ၈ နာရီ ၄၅ မိနစ် အချိန်ခန့်က ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ဒဏ်ရာမှာ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ဦးနှောက်အာရုံကြောနှင့် ထိခိုက်ဒဏ်ရာကု ဌာနတို့တွင် တက်ရောက် ကုသနေကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးထံမှ စုံစမ်း သိရှိရသည်။
::
“ဒဏ်ရာရသူ တွေကတော့ ဦးခေါင်းပိုင်းနဲ့ လက်မှာ သေနတ် ဒဏ်ရာတွေနဲ့ ရောက်လာတယ်” ဟု မန္တလေး ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
::
တပ်မတော်ဘက်မှ လုံခြုံရေး ဆောင်ရွက်နေသည့် ကားကို အဆိုပါကားက ဝင်ရောက် တိုက်မိသဖြင့် ထိုကားကို တားမြစ်ရာမှ ရပ်တန့်ခြင်း မရှိဘဲ ကားကို နောက်ပြန်ဆုတ်ရာမှ တပ်မတော်သား တစ်ဦးကို တိုက်မိပြီး ကားကို ဆက်လက် မောင်းနှင်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်က ပြောကြားသည်။

The Voice  ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment