Pages

Friday, November 29, 2013

စာကြည့်တိုက်မြေ ပြန်ရရန် ရွာလုံးကျွတ် ဆန္ဒဖော်ထုတ်မည်

RangonNewsDaily:: November . 29 .2013
စစ်ကိုင်းဒေသကြီး ခင်ဦးမြို့နယ် အတွင်းရှိ မုံတောမြောက် ကျေးရွာပိုင် စာကြည့်တိုက် အဆောက်အအုံနှင့် မြေနေရာ ပြန်လည် ရရှိရေးအတွက် သက်ဆိုင်ရာ အဆင့်ဆင့်ကို တိုင်ကြားခဲ့သော်လည်း ထူးခြားမှု မရှိသောကြောင့် ရွာလုံးကျွတ် ဆန္ဒဖော်ထုတ် သွားမည် ဖြစ်ကြောင်း ယင်း စာကြည့်တိုက် ပြန်လည် ရရှိရေး ဦးဆောင်သူ တစ်ဦးဖြစ်သူ မုံတောမြောက် ရွာသား ဦးတင်အုံးကျော်က ပြောကြားသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့် ကတည်းက ရွာသားများ စုပေါင်း တည်ထောင်ခဲ့သော မုံတောမြောက် ကျေးရွာပိုင် စာကြည့်တိုက် အဆောက်အအုံကို သမဝါယမသို့ ငှားရမ်းခဲ့သည်။ ယခုအခါ စာကြည့်တိုက်အဖြစ် ပြန်လည်ထားရှိရန် ကျေးရွာလူထုက ဆန္ဒရှိသောကြောင့် ပြန်လည် တောင်းယူခဲ့ရာမှ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်သည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ခင်ဦးမြို့နယ် သမဝါယမအသင်း အနေနှင့် ၁၉၈၈ ခုနှစ် နောက်ပိုင်း အချိန်ကာလတွင် ရဲတံခွန်လယ်ယာနှင့် အထွေထွေ သမဝါယအသင်းဟူ၍ ဆက်လက် လုပ်ကိုင်ခဲ့ပြီး လတ်တလော ကာလတွင် တောင်သူများကို စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးနိုင်ရန် ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း၊ မုံတောမြောက် သမဝါယမ အသင်းလည်း ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း ခင်ဦးမြို့နယ် သမဝါယမအသင်း ဦးစီးအရာရှိ ဒေါ်စန်းစန်းမြင့်က ပြောသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ကျေးရွာသားများ စုပေါင်း လက်မှတ်ထိုးကာ စာကြည့်တိုက် ပြန်လည် ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို ပထမဆုံး တိုင်ကြားခဲ့ရာ အဆိုပါ နေရာကို သမဝါယမပိုင် အဆောက်အအုံနှင့် မြေနေရာအဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့တွင် ခင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဆိုသူက ကျေးရွာသားများကို ပြောကြားခဲ့ကြောင်း မုံတောမြောက် ရွာသား ဦးတင်အုံးကျော်က ဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာသို့ ထပ်မံ တိုင်ကြားခဲ့ရာတွင် ထူးခြားမှု မရှိပါက ခင်ဦးမြို့နယ် သမဝါယမရုံးရှေ့နှင့် ခင်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးရှေ့တို့တွင် ကျေးရွာစာကြည့်တိုက် ပြန်လည်ရရှိရေး လက်မှတ်ရေးထိုး တိုင်ကြားခဲ့သည့် ကျေးရွာ သား စုစုပေါင်း ၃၀၀ ကျော် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

အဆိုပါ အဆောက်အအုံနှင့် မြေနေရာမှာ ကျေးရွာ သမဝါယမ အသင်းပိုင်အဖြစ် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ သမဝါယ အသင်းပိုင်ဟု ဆိုသော်လည်း ကျေးရွာပိုင် ဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေး မကျေနပ်ချက် များကြောင့်သာ ယင်းကဲ့သို့ ဖြစ်နေရကြောင်း၊ သမဝါယမ အသင်းသား စုစုပေါင်း ၇၅ ဦး ပိုင်ဆိုင်သော မြေနေရာ ဖြစ်သောကြောင့် ဖျက်လိုသောဆန္ဒရှိသော် သမဝါယမ ဥပဒေအရ ထုခွဲရောင်းချ ခွဲဝေသွားရမည် ဖြစ်ကြောင်း ခင်ဦး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောကြားသည်။

The Voice ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment