Pages

Saturday, September 21, 2013

မန္တလေးတွင် ငလျင်သုံးကြိမ် ဆက်တိုက်လှုပ်

RangonNewsDaily:: September 21, 2013

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အနီးတစ်ဝိုက်တွင် ငလျင်သုံးကြိမ် ဆက်တိုက် လှုပ်ခတ်သွားကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၅၈ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက်မိုင် ၈၀ အကွာ သပိတ်ကျင်းမြို့အနီးတွင် ရစ်ခ်ျစတာစကေး ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း၊ ယင်းနောက် ညနေ ၆ နာရီ ၂၃ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက်မိုင် ၆၀ ခန့်အကွာ သပိတ်ကျင်းမြို့နယ် အနီးတွင် အင်အား အသင့်အတင့်ရှိ ရစ်ခ်ျစတာစကေး ၅ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့ကြောင်း ဆိုပါဌာနမှ သိရသည်။
::
ဒုတိယအကြိမ် လှုပ်ခတ်မှုတွင် သပိတ်ကျင်း၊ ရွှေဘို၊ စဥ့်ကူးမြို့များတွင်လည်း ငလျင်လှုပ်ခတ်မှု ခံစားမှု ရှိကြောင်း ယင်းမြို့ခံများက ပြောကြားသည်။
::
တတိယအကြိမ်အဖြစ် ညနေ ၆ နာရီ ၅၅ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက် ၆၅ မိုင် သပိတ်ကျင်းမြို့ အနောက်မြောက်ဘက် ၄ မိုင်ခန့် အကွာတွင် အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၄ ရှိ ငလျင် ထပ်မံလှုပ်ခတ်ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထပ်မံသိရှိရသည်။
::
အဆိုပါ ငလျင်လှုပ်မှုကို သပိတ်ကျင်း၊ မတ္တရာ၊ မြင်းမူ၊ မြစ်ငယ်၊ မိုးကုတ်၊ မိုးမိတ်၊ မန္တလေး၊ နောင်ချိုနှင့် ပြင်ဦးလွင် မြို့တို့ကလည်း ခံစားမှုရှိကြောင်း အဆိုပါဌာနမှ သိရသည်။
::
ယင်းငလျင်များကြောင့် ဖြစ်ပေါ်သည့် ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှု အခြေအနေကိုမူ မသိရှိရသေးပေ။ ယင်းသို့ ငလျင်လှုပ်ခတ်ခြင်းမှာ စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့် ဖြစ်နိုင်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
::
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ခတ်ခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် တာလေမြို့နယ်ခွဲတွင် လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ခ်ျစတာစကေး ၇ အဆင့်ရှိ တာလေ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး လူ ၃၀၀ ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

The Voice ::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment