Pages

Saturday, September 21, 2013

၁၁ ဘီလီယံ ငွေစာရင်း (၅)ခုတွင် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ငွေစာရင်း ပါဝင်ဟု သတင်းထွက်ပေါ်


RangonNewsDaily:: September 21, 2013
ပြည်ပတွင် မြန်မာနိုင်ငံမှ အပ်နှံထားသော အမေရိကန်ဒေါ်လာ ၁၁ဘီလီယံရှိ ငွေစာရင်းငါးခုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာပြီးနောက် လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (ယခင် စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ)၏ ငွေစာရင်း တစ်ခု ပါဝင်နေကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထို့သို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုတွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ငွေစာရင်းတစ်ခု ပါဝင်နေကြောင်း သတင်းများ အပေါ် မြန်မာသံတော်ဆင့်မှ နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက …““သူတို့သတင်းစာ ရှင်းလင်းမယ် လေ။ ၂၀ရက်နေ့ဆိုတော့ မနက်ဖြန်ပေါ့။ 

အဲဒီမှာပဲ တစ်ခါတည်း မေးလိုက်တာ ကောင်းပါတယ်။ ဘဏ္ဍာ အခွန်က ရှင်းလိမ့်မယ်လေ”” ဟု စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ဖြေကြားသည်။

၎င်း ၁၁ ဘီလီယံနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၌ ကျင်းပမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန် ထားသည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ပမာဏရှိ ငွေစာရင်း (၅)ခုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ရရှိသော အချက်အလက်များဖြင့် BIC(Bank of Information Center) မှ အာရှ အစီအစဉ် မန်နေဂျာ Mr. Jelson Garcia  က ထုတ်ဖော် ပြောကြားခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် Daily Eleven  သတင်းစာတွင် -
(အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိရှိသော ဘဏ်အကောင့် ငါးခုကို နိုင်ငံခြား ဘဏ်များတွင် မြန်မာနိုင်ငံမှ အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အာရှဒေသဆိုင်ရာ ဒါရိုက်တာက စက်တင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ဘဏ်တွင် တင်ရှိနေသည့် အကြွေးမှာ ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော် တင်ရှိနေ ကြောင်း၊ တစ်ဘီလီယံပင် မရှိသည့် ယင်းပမာဏသည် နဂိုချေးထားသည့် ငွေကြောင့် မဟုတ်ဘဲ အကြွေးဟောင်းမှ အတိုးများ တက်လာခြင်းကြောင့် စုစုပေါင်း အကြွေးမှာ တစ်ဘီလီယံနီးပါး အထိ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံမှ ပြည်ပတွင် ဘဏ်စာရင်း ငါးခုတည်းဖြင့် အပ်ထားသည့် ငွေမှာ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိနေခဲ့ကြောင်းကို ကမ္ဘာ့ဘဏ်မှ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ ကမ္ဘာ့ဘဏ် အနေဖြင့် နိုင်ငံတစ်ခုခုမှ ကမ္ဘာ့ဘဏ်ချေးငွေနှင့် စပ်လျဉ်းပြီး အစိုးရသစ် လက်ထက်တွင် ယခင်အစိုးရ လက်ထက်များက တင်ရှိသည့် အကြွေးများ လျှော်ပေးရန် တောင်းဆိုပါက လျှော်ပေးလေ့ ရှိသော်လည်း မြန်မာနိုင်ငံအပေါ် အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ အခွင့် အရေး မပေးရသည့် အကြောင်းရင်းမှာ ပြည်ပတွင် ဘဏ်စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ အပ်နှံထားသည့် အကြောင်းများကြောင့် ဖြစ်ကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့သည်။

““မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကို အစိုးရသစ် နိုင်ငံအသစ် ဖြစ်သွားလို့ အရင်အကြွေးဟောင်းကို ထားလိုက်တော့လို့ လုပ်လို့မရဘူး။ တခြားနိုင်ငံတွေဆိုရင် ကမ္ဘာ့ဘဏ်က လျှော်ပေးတယ်။ မြန်မာနိုင်ငံကို ဘာလို့ လျှော်မပေးလဲဆိုရင် ကမ္ဘာ့ဘဏ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက အပြင်မှာ ကိုင်ထားတဲ့ ဘဏ်အကောင့် ငါးခုရှိတယ်။ ဘယ်သူ့အကောင့်တွေလဲဆိုတာ ကမ္ဘာ့ဘဏ်က သိတယ်။ အဲဒီ အကောင့်ငါးခုမှာ ၁၁ ဘီလီယံအထိ ရှိနေတယ်။ 

အကြွေးအားလုံးပေါင်းမှ တစ်ဘီလျံတောင် မရှိဘူး။ ဒါကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို မေးခွန်းထုတ်တယ်။ အကြွေးတွေလည်း လျှော်မပေးခဲ့ဘူး””ဟုလည်း ကမ္ဘာ့ဘဏ်၊ အာရှဒေသဆိုင်ရာ ဒါရိုက်တာ Mr. Jelson Garcia က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအား ကြွေးမြီနှင့် ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်း သုံးခု ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ ဘဏ်စာရင်း ငါးခုကို လုံးဝမထိသည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း၊ မြန်မာပြည်သူများ အနေဖြင့် အဆိုပါ ဘဏ်စာရင်း ငါးခုနှင့်ပတ်သက်၍ မသိကြသေးကြောင်း ၄င်းက ထုတ်ဖော်ခဲ့သည်။

Mr. Jelson Garcia က ““အဲဒီအတွက် မြန်မာနိုင်ငံကို option သုံးခုထုတ်တယ်။ ၁၁ ဘီလီယံရှိတဲ့ ဘဏ်အကောင့် ငါးခုထဲက ထုတ်ပြီး ဒီအကြွေးတွေ ပြန်ဆပ်မလား။ ဒါမှမဟုတ် ကြားကနေပြီး အကြွေး ဟောင်းကိုဆပ်ပြီး အကြွေးသစ်ကို လုပ်ပေးတဲ့ သူကိုရှာမလား။ 

ဒါမှမဟုတ် နိုင်ငံတကာက အလှူရှင်တွေ ပေါင်းပြီး Truth Bank လိုမျိုး ကမ္ဘာ့ဘဏ်ကို ရန်ပုံငွေလိုများ လုပ်မလားဆိုပြီး ထုတ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက ဒုတိယအချက်ကို ရွေးလိုက်တယ်။ အကောင့်ငါးခုကို သွားမထိဘူး။ အဲဒီ အကောင့် ငါးခုကို ခုထိ မြန်မာပြည်သူတွေ မသိသေးဘူး”” ဟု Mr. Jelson Garcia က ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ အကြွေးဟောင်းဆပ်ပြီး အကြွေးသစ် လုပ်ပေးနိုင်သူ ရှာခဲ့ရာ ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့ မြန်မာနိုင်ငံမှ တင်ရှိနေသည့် ကြွေးမြီများကို ၀င်ရောက် ဖြေရှင်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးများကို ဂျပန်နိုင်ငံက ဖြေရှင်း ပေးသည့်အတွက် ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးကျေသွားပြီ ဖြစ်သော်လည်း အဆိုပါ အကြွေး အမေရိကန်ဒေါ်လာ သန်း ၈၉၀ ကျော်အား ဂျပန်နိုင်ငံသို့ ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ဆိုသည့် ပမာဏမှာ မြန်မာ့ သဘာဝဓာတ်ငွေများ ပြည်ပသို့  လေးနှစ်နီးပါး ရောင်းချမှုမှ ရရှိသည့် ငွေစုစုပေါင်းနှင့် ညီမျှသော ပမာဏဖြစ်ရာ များပြားလွန်းနေသည်)ဟု ဖော်ပြထားသည်။

ယင်းကိစ္စရပ်များတွင် ယခင် စစ်အစိုးရလက်ထက် အကြီးအကဲအချို့၊ ၄င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးအချို့ ပါဝင် ပတ်သက်လျက် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။


MH-0099
မြန်မာသံတော်ဆင့်သတင်းငှာန

RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment