Pages

Friday, September 27, 2013

မန္တလေး၌ ဆီးဂိမ်းပွဲအတွက် ရဲတပ်ဖွဲ့ သီးသန့်ထားရှိမည်

RangonNewsDaily:: September 27, 2013
(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် အားကစားပြိုင်ပွဲများ၏ လုံခြုံရေးအတွက် သီးသန့်လုံခြုံရေးအဖွဲ့အစည်းတစ်ရပ်အား ဖွဲ့စည်းထားရှိသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ `အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရင် လုံခြုံရေးပိုင်းဆိုင်ရာကို လုပ်ဆောင်ဖို့အတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထဲမှာ ဆီးဂိမ်းရဲတပ်ဖွဲ့အဖြစ် သီးသန့်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်၊ 
သက်ဆိုင်ရာနယ်မြေတွေမှာ တာဝန်ရှိကျနေတဲ့ ရဲတွေနဲ့ မတူပဲ သီးသန့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်´ဟု အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆီးဂိမ်းပြိုင်ပွဲအတွက် သီးသန့်လုံခြုံရေးပိုင်းဆိုင်ရာများကို လုပ်ဆောင်သွားနိုင်ရန်၊ မန္တလေးမြို့အတွင်း လုံခြုံရေး အဖွဲ့ဝင်များဖြင့် တာဝန်ယူမှုကွဲပြားသွားစေရန်နှင့် သီးသန့်ဖွဲ့စည်းထား၍ လုံခြုံရေးကိုနေရာအလိုက် ပိုမိုလုပ်ဆောင်နိုင်ပြီး လိုအပ်သည့် အကူအညီများကို ချက်ချင်းပေးနိုင်ရန်အတွက် ယခုကဲ့သို့ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။
`ဆီးဂိမ်းပြိုင်ပွဲတွေ ကျင်းပတဲ့အခါမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေအနေနဲ့လည်း ဌာနက ပေးထားတဲ့ အိုင်တီကတ်အပြင် သီးသန့် ပြိုင်ပွဲအတွက် ကဒ်တွေကိုပြုလုပ်ပြီး သေချာလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊ အဲဒီအတွက် ပြင်ဆင်ဖို့ နေပြည်တော်ကို သွား ရောက်ပြီ ဖြစ်ပါတယ်´ဟု အဆိုပါရုံးမှတာဝန်ရှိသူ တစ်ဦးကပြောသည်။
ရဲတပ်ဖွဲ့ဝင်များက ပြင်ဆင်မှုများအပြင် မန္တလေးတိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည့် ပြင်ဆင်မှု များအား ပြုလုပ်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း၊ သီးသန့်အဖွဲ့တစ်ခု အနေဖြင့်တော့ ဖွဲ့စည်းသွားရန်မှာ မလွယ်ကူ ကြောင်း၊ ဆီးဂိမ်းကျင်းပရာနေရာရှိလမ်းများကို သီးသန့်တစ်လမ်းမောင်းစနစ် ကျင့်သုံးသွားရန် အစီအစဉ် မရှိဟု သိရသည်။
`ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ဆီးဂိမ်းပြိုင်ပွဲအတွက် သီးသန့်ဖွဲ့စည်း သွားဖို့မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ယာဉ်ထိန်းရဲ ဆိုတာက တစ်နေရာတည်းမှာ ရပ်နေပေမယ့် မျက်စိနဲ့မြင်နေရတဲ့နေရာအထိ တာဝန်ယူဆောင်ရွက်ရတဲ့အပြင် ယာဉ်ထိန်းရဲ အင်အားကလည်း နည်းတဲ့အတွက် ပုံမှန်အတိုင်းပဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်´ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လမ်းများကိုရှုပ်ထွေးမှုမဖြစ်စေရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် တစ်လမ်းမောင်း သီးသန့်စနစ်ကိုကျင့်သုံးမည် မဟုတ်ကြောင်း၊ အချက်ပြမီးပွိုင့်များကိုသာ တိုးချဲ့တပ်ဆင်ကာ ယာဉ်ကြောရှင်း လင်းခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာ၂၆ရက်နေ့မှ ရေတွက်လျှင် ဆီးဂိမ်းပြိုင်ပွဲကျင်းပရန်မှာ ၇၅ရက်သာလိုတော့ သည်။

မင်းခန့်-မန္တလေး(မြစ်မခ), RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment