![]() |
RangonNewsDaily:: September 4, 2013
တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် အရေးပါသော ပြည်တွင်းလျှပ်စစ်စွမ်းအား လိုအပ်ချက် ပမာဏကို ထပ်မံဖြည့်ဆည်းရန် ၂၀၁၅ ခုနှစ်မတိုင်မီ ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံငါးခု အပြီးသတ် တည်ဆောက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနထံမှ သိရသည်။ မန္တလေးတိုင်းဒေသကြီး အတွင်း ဓာတ်အားပေးစက်ရုံ နှစ်ခုနှင့် ပဲခူးတိုင်း ဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တစ်ခုစီ ထပ်မံဖွင့်လှစ်မည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပမာဏ ၃၀၁ မဂ္ဂါဝပ် ထပ်တိုးလာမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ထံမှ သိရသည်။
ဖြူးချောင်း၊ နောင်ချိုနှင့် ဘီလူးချောင်း-၃ စီမံကိန်းတို့ကို ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွင် အပြီးသတ် တည်ဆောက်၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး B.O.T စနစ်ဖြင့် လုပ်ကိုင် ခွင့်ပြုထားသော အထက်ဘီလူးချောင်းနှင့် အထက်ပေါင်းလောင်းချောင်း စီမံကိန်း တို့ကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွင်း အပြီးသတ် တည်ဆောက်မည်ဖြစ်ကြောင်း ရေအား လျှပ်စစ်စီမံရေးဦးစီးဌာန ထံမှ သိရသည်။
လက်ရှိအချိန်တွင် အဆိုပါစီမံကိန်း များတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နေသော စီမံကိန်းခြောက်ခု၊ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားပြီးဖြစ် သော စီမံကိန်းတစ်ခု၊ ရပ်စဲထားသော စီမံကိန်းနှစ်ခုနှင့် အခြားစီမံကိန်းများမှာမူ လေ့လာနေဆဲ အနေအထားတွင်သာ ရှိနေ သေးကြောင်းလည်း ယင်းဌာနထံမှ သိရသည်။
"မြန်မာနိုင်ငံမှာက ရေအား လျှပ်စစ်ထုတ်ယူလို့ရတဲ့ နေရာတွေ အများကြီးပါပဲ။ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် လုပ်နိုင်ဖို့တော့ လိုတယ်။ ဘာကိစ္စပဲဖြစ်ဖြစ် တစ်ခုလိုချင်ရင် တစ်ခု ပေးရတာ ထုံးစံပဲ" ဟု လျှပ်စစ်ဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။
The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:
Post a Comment