Pages

Friday, August 9, 2013

လည်ပင်းတွင် သစ်ခွဲသားရိုက်မိ၍ စက်ရုံလုပ်သားတစ်ဦး သေဆုံး

RangonNewsDaily:: Aug 9, 2013

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန် (၃)၊ မင်းကြီးမဟာမင်းခေါင်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ သန့်သုခ သစ်ချောထည်စက်ရုံတွင် သြဂုတ် ၇ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်က လူလေးဦးသည် သစ်ခွဲသားတစ်ခုကို ပြိုင်တူသယ်ယူလာပြီး အောက်ချရာ သယ်ဆောင်လာသူ တစ်ဦး၏ လည်ပင်းကို သစ်ခွဲသားပြားနှင့် ရိုက်မိ၍ အသက် ၄၂ နှစ်အရွယ် စက်ရုံလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ သေဆုံးသူ ဦးခင်ဇော်သည် ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာ တွင် နေထိုင်ကြောင်း၊ ၎င်းသည် လုပ်ဖော်ကိုင်ဖက် လေးဦးနှင့်အတူ အရှည် ၁၈ပေ၊ ဗြက် ၅ လက်မခန့်၊ ထု ၅လက်မခန့်ရှိ သစ်ခွဲသားကို အတူသယ်ယူလာပြီး ပခုံးပေါ်မှ အောက်သို့ ပြိုင်တူချစဉ် သစ်ခွဲသားပြား အဖျားနှင့် လည်ပင်းသို့ ရိုက်မိကာ မေးစေ့ပွန်း၊ လည်ပင်းနှင့် ဦးခေါင်းနောက်စေ့ ညာဘက်တို့တွင် ဒဏ်ရာများ ရရှိကာ လဲကျခဲ့ကြောင်း၊ ဒဏ်ရာရရှိသူကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိက The Voice သို့ ပြောကြားသည်။

“သူတို့ရဲ့ ပုံမှန်လုပ်နေကျအတိုင်း လုပ်တာပါ။ မြင်တဲ့သူတွေ ပြောတာ ကတော့ မတော်တဆ ထိခိုက်သွားတာလို့ သိရတယ်။ အမှုကိုတော့ ရမန်ယူပြီး စစ်ဆေးနေဆဲပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သစ်ချောစက်ရုံ အလုပ်သမား များဖြစ်သော ဦးခင်ဇော်အေး၊ ဦးချစ်ဆန်းမောင်နှင့် ဦးအောင်မျိုးဇာနည် ထွန်းတို့ကို (ပ)၈၆၂/၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အင်းစိန်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 9.8.2013

0 comments:

Post a Comment