Pages

Thursday, July 25, 2013

မုံရွာမြို့ပေါ်တွင် မိုးရွာစေရန် ငါးရံ့မင်းပရိတ် ရွတ်

Thursday, July 25, 2013

မုတ်သုံလေဝင်ရောက်ပြီး နှစ်လနီးပါး ကြာမြင့်သည်တိုင် မိုးရွာသွန်းခြင်း မရှိသေးသော မုံရွာမြို့ပေါ်ရှိ ရပ်ကွက်ကြီး အများစုတွင် ဇူလိုင်လ ၂၂ ရက်နေ့ ဝါဆိုလပြည့်နေ့ ညနေပိုင်းက သံဃာတော်များ ပင့်ဖိတ်၍ မိုးရွာစေရန် ငါးရံ့မင်းပရိတ်များ ရွတ်ဖတ်ခဲ့ကြောင်း မုံရွာမြို့ခံများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ဆိုသည်။

“မိုးကမည်းမည်း တက်လာပေမယ့် မရွာဘူး ဖြစ်နေတယ်။ အထက်ကိုပဲ လေ တိုက်ပြီး ပါပါသွားတယ်။ ချင်းတွင်းမြစ်ရေကတော့ အထက်မှာ မိုးကောင်း လို့ တော်တော်ကြီးနေပြီ။ မနေ့ကညနေက ရပ်ကွက်ထဲမှာ သံဃာတော်တွေ လှည့်ပြီး ငါးရံ့မင်းပရိတ်တွေ ရွတ်ဖတ်ကြတာ တွေ့တယ်။ ရပ်ကွက်တိုင်းနီးပါး ရွတ်ကြတယ်” ဟု မုံရွာမြို့ အေးသာယာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

မုံရွာမြို့အနီးတစ်ဝိုက်တွင် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၂၃ ရက်နေ့အထိ ၅ ရက်သာ မိုးရွာသွန်းသဖြင့် စုစုပေါင်း မိုးရေချိန် ၂ ဒသမ ၃၆ လက်မသာ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မုံရွာမြို့တွင် တိုင်းထွာရရှိထားသော အချက်အလက်များအရ သိရသည်။

မိုးခေါင်မှုကြောင့် မုံရွာမြို့ပတ်ဝန်းကျင်ဒေသများတွင် ဧပြီလကုန်နှင့် မေ လဆန်းတို့အတွင်း စိုက်ပျိုးခဲ့သော မိုးဦး နှမ်းခင်းများ ပိုးကျ၍ ပျက်စီးခဲ့ရခြင်းနှင့် ကောက်ပဲသီးနှံ စိုက်ခင်းများလည်း ပျက်စီးဆုံးရှုံး ကာ နွားစာအခက်အခဲများ ရင်ဆိုင်နေရကြောင်း မုံရွာဒေသခံ တောင် သူများက ပြောကြားသည်။

မိုးလယ်ကာလဖြစ်သော ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လကုန်အထိ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲအောက် လျော့ကာ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

The Voice, RangonNewsDaily
kolatt (Pabedan): 25.7.2013

0 comments:

Post a Comment