Pages

Thursday, July 25, 2013

၂၀၁၃ ဆီးဂိမ်းစ်တွင် အိမ်ရှင်မြန်မာ အားကစားအဖွဲ့ အားကစားသမား ၉၀၀ ကျော်ဖြင့် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ကျန်နိုင်ငံများတွင် အင်ဒိုနီးရှားမှ အများဆုံးလာရောက် ယှဉ်ပြိုင်မည်

seagame-july24
၂၀၁၁ ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ မြန်မာအားကစားအဖွဲ့ကို တွေ့ရစဉ် (ဓာတ်ပုံ - AFP)


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)တွင် မြန်မာအားကစားအဖွဲ့သည် အားကစားသမား ၉၀၀ ကျော်ဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲကို လာမည့်ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်ကမ်းခြေတို့တွင် ကျင်းပမည်ဖြစ်ရာ အရှေ့တောင်အာရှ ဒေသတွင်းမှ ၁၁ နိုင်ငံလုံး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

 မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက "လာမယ့်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအားကစား အဖွဲ့တွေအနေနဲ့ စုစုပေါင်း အားကစားသမား ၉၀၀ ကျော်နဲ့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် နိုင်ငံတွေအနက် အများဆုံး အားကစားသမား အရေအတွက်လည်း ဖြစ်ပါတယ်။ ကျန်နိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံက အားကစားသမား အရေအတွက် အများဆုံး လာရောက်ယှဉ်ပြိုင်မှာပါ" ဟု ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ အိုလံပစ်ကော်မတီသည် ဒေသတွင်း နိုင်ငံများထံမှ ဆီးဂိမ်းစ်ကို ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား အရေအတွက်ကို ဇူလိုင် ၁ ရက် နောက်ဆုံးထား၍ တောင်းခံခဲ့ပြီး ယခုအခါတွင် ကစားသမား အရေအတွက်စာရင်းသည် အတည်ပြုချက်ရရှိပြီးဖြစ်ကြောင်း သိရသည်။

 မြန်မာအားကစား အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၁ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားသမား ၄၇၇ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၆ ခုအပါအ၀င် ဆုတံဆိပ်စုစုပေါင်း ၈၀ ခု ဆွတ်ခူးရရှိကာ နိုင်ငံအလိုက် ရပ်တည်မှု အဆင့် (၇) နေရာတွင် ရှိခဲ့သည်။

ယင်းပြိုင်ပွဲ၌ အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံက အားကစားသမား ၁၀၅၉ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ် ၁၈၂ ခုအပါအ၀င် ဆုတံဆိပ် ၄၇၆ ခုဖြင့် နိုင်ငံအလိုက် ရပ်တည်မှု အဆင့် (၁)ဖြစ်ခဲ့သည်။ ၂၀၁၁ ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အားကစားနည်း ၄၄ မျိုး ထည့်သွင်းကျင်းပကာ စုစုပေါင်းရွှေတံဆိပ် ၅၄၅ ခု ချီးမြှင့်ခဲ့သည်။

လာမည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ကာ စုစုပေါင်း ရွှေတံဆိပ် ၄၆၀ ခု ချီးမြှင့်ရန် စီစဉ်ထားသည်။

၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာနိုင်ငံပြီးနောက် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့က ကစားသမား အများဆုံးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

0 comments:

Post a Comment