Pages

Sunday, June 9, 2013

မလေးရှားရောက် မြန်မာ အလုပ်သမားများအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ထိထိရောက်ရောက် ကာကွယ်ပေးရန် NNDP ပါတီ တိုက်တွန်း

ဇွန်လ ၉ ရက် ၂၀၁၃

မလေးရှားရောက် မြန်မာ အလုပ်သမားများအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ထိထိရောက်ရောက် ကာကွယ်ပေးရန် အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP) မှ သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို ဇွန် ၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို ဇွန် ၇ ရက်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တိုက်ခိုက်ခံခဲ့ရမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိ ခဲ့မှုများအပေါ် ချက်ချင်းစုံစမ်း ဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူပေးရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးအား နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဖိတ်ခေါ်ပြီး သတိထောက်လွှာ ပေးအပ်ခဲ့ခြင်းအပေါ် အမျိုးသား ဒီမိုကရေစီ ပါတီသစ် အနေဖြင့် ထောက်ခံပါကြောင်း၊ သတိထောက်လွှာ ပေးအပ်ပြီးနောက်ပိုင်း မလေးရှား ရဲတပ်ဖွဲ့ဝင်များက မလေးရှားရောက် မြန်မာနိုင်ငံသားများကို အပြင်းအထန် ဖမ်းဆီးခဲ့ပြီး အထောက်အထား မရှိသည့် မြန်မာနိုင်ငံ သားများအား ပြစ်ဒဏ်များ ချမှတ်မည်ဆိုသည့် သတင်းများ ကြားသိရသည့်အတွက် မိမိတို့ အနေဖြင့် လွန်စွာစိုးရိမ် မိပါကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် သတင်းများ၏ အဆိုအရ မလေးရှားနိုင်ငံတွင် တရားဝင် စာရင်းများအရ မြန်မာနိုင်ငံသား သုံးသိန်းမှ ငါးသိန်းအထိ ရှိသည်ဆိုသော်လည်း ခန့်မှန်းမှုအရ မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသား နှစ်သန်းအထိ ရှိနိုင်ကြောင်း သိရှိရသဖြင့် မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ ဘ၀လုံခြုံရေးအတွက် မြန်မာအစိုးရ အနေဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးရန် အထူးလိုအပ် နေပြီဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၃၈၀ တွင် "နိုင်ငံခြား တိုင်းတစ်ပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်" ဟု ပြဋ္ဌာန်းထားသဖြင့် မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေး တောင်းခံမှုကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ရန် တိုက်တွန်းကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှ စ၍ မြန်မာ အလုပ်သမားများ တိုက်ခိုက်ခံရမှုကြောင့် ယခုရက်ပိုင်းအတွင်း
လူလေးဦးအထိ သေဆုံးခဲ့ရကာ သေဆုံးခဲ့သူ အားလုံးမှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ ဖြစ်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော်က ဇွန် ၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံကာ မြန်မာ အလုပ်သမားများ အသက်ဆုံးရှုံးခြင်း ထပ်မံမဖြစ်ပေါ်စေရေး သတိထောက်လွှာ ပေးအပ်ခဲ့သည်။

Eleven , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၉.၆.၂၀၁၃

0 comments:

Post a Comment