Pages

Sunday, June 9, 2013

ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ဝင်တန်း အောင်ချက် သတ္တမအဆင့်သာရှိ

အောင်ချက် ရာခိုင်နှုန်း ဆက်တိုက် ကျဆင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး၏ ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်သည် တစ်နိုင်ငံလုံးတွင် အဆင့်ခုနှစ် (သတ္တမ) သာရှိကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။နှစ်စဉ် ကျဆင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ်၌ အောင်ချက် ၃၃ ဒသမ ၁၉ ရာခိုင်နှုန်း ရှိပြီး ယခင် ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွင် ၃၃ ဒသမ ၇၀ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။ “ဒီနှစ်မှာ ရန်ကုန်တိုင်း အနေနဲ့က အင်္ဂလိပ်စာ မေးခွန်းမှာ အခက်အခဲရှိတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လုပ်သက် ၁၀ နှစ်ကျော် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ဆရာတစ်ဦးက The Voice သို့ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့တွင်း ကျောင်းများတွင် အောင်ချက် ရာခိုင်နှုန်း ကျဆင်းသည့်အပြင် ဘာသာစုံ ဂုဏ်ထူး ထွက်သူများလည်း နည်းပါးခဲ့ကြောင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆရာများ အသိုင်းအဝိုင်းက သိရသည်။

“ဒီနှစ်တော့ အရည်အသွေးကို ထိန်းလိုက်တာထင်တယ်။ ဒီမှာတော့ မနှစ်ကထက် အောင်ချက် ကျတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးက ပြောကြားသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မွန်ပြည်နယ်၊ ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ပါဝင်သည်။

အမြင့်ဆုံး အောင်ချက်ရာ ခိုင်နှုန်းမှာ မွန်ပြည်နယ် ဖြစ်ပြီး ၄၇ ဒသမ ၃၈ ရာခိုင်နှုန်းဖြစ်ကာ အောင်ချက် အနိမ့်ဆုံး ချင်းပြည်နယ်တွင် ၁၆ ဒသမ ၅၂ ရာခိုင်နှုန်း ရှိကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

  The Voice Weekly , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၉.၆.၂၀၁၃

0 comments:

Post a Comment