Pages

Sunday, June 23, 2013

မြန်မာပြည်တောင်ပိုင်း ကျွန်းများတွင် သဘာဝဦးစားပေး ခရီးသွားလုပ်ငန်း များကိုသာ လုပ်ကိုင်သင့်ကြောင်း လေ့လာသူများ သုံးသပ်.....

မြန်မာနိုင်ငံ တောင်ဘက်ပိုင်းရှိ ကျွန်းများမှာ သဘာဝအတိုင်း တည်ရှိနေသေးသည့် အတွက် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားမှု များပြားလာနေပြီး ခရီးသွား လုပ်ငန်းများကို ဖော်ဆောင်ပါက သဘာဝကို ဦးစားပေးသည့် ခရီးသွား လုပ်ငန်းများကိုသာ ဦးစားပေး လုပ်ကိုင်သင့်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ တောင်ဘက်စွန်းပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီးရှိ မြိတ်ကျွန်းစုနှင့် ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းများမှာ သဘာဝ အလှအတိုင်း တည်ရှိနေသေးသည့် အတွက် ကမ္ဘာလှည့် ခရီးသွားများက စိတ်ဝင်စားလာခြင်း ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းများမှာ ယခုနှစ်ပိုင်း အတွင်း ခရီးသွားများ ပိုမိုစိတ်ဝင်စားကြခြင်း ဖြစ်ကာ ခရီးသွား လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူများ ပိုမိုရောက်ရှိ လာနိုင်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကုမ္ပဏီနှစ်ခုကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဟိုတယ်လုပ်ငန်း ဖက်စပ်လုပ်ကိုင်ဖို့ BOT စနစ်နှင့် လန်ပိကျွန်းပေါ်မှာ နှစ် ၅၀ လုပ်ကိုင်ခွင့် ပေးလိုက်တယ်လို့ သိရတယ်။ လန်ပိကျွန်းက အမျိုးသား အဏ္ဏ၀ါဥယျာဉ်ကြီး ဖြစ်ပြီး သဘာဝ အလှတွေနှင့် နာမည်ကြီးတဲ့ ကျွန်းကြီး တစ်ကျွန်းပါ။

အမျိုးသား အဏ္ဏ၀ါ ဥယျာဉ်ဖြစ်တဲ့ အတွက် ကျွန်းကြီးပေါ်မှာရော ကျွန်းရှေ့က ရေပြင်များမှာပါ သယံဇာတတွေကို ထုတ်ယူသုံးစွဲခွင့် မရှိပါဘူး။ တကယ်လို့ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်တဲ့ အခါမှာ သဘာဝကို ဦးစားပေးတဲ့ ခရီးသွားလုပ်ငန်းကို လုပ်ဆောင် နိုင်မယ်ဆိုရင် နိုင်ငံခြား ခရီးသွားတွေ ပိုပြီး စိတ်ဝင်စားလာ ကြမှာပါ'' လို့ အဏ္ဏ၀ါသိပ္ပံဖြင့် ဘွဲ့ရထားသူ တစ်ဦးက ပြောကြားခဲ့သည်။

ကော့သောင်း ခရိုင်အတွင်း ကျွန်းပေါင်း ၁၇၃ ကျွန်းရှိပြီး လူနေထိုင်သည့် ကျွန်းများမှာ ၁၉ ကျွန်းသာ ရှိသေးပြီး ကျွန်းအများစုမှာ ခရီးသွားလုပ်ငန်းများ စိတ်ဝင်စားသည့် သဘာဝအလှများ တည်ရှိနေသည့် ကျွန်းများ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်လေ့ရှိပြီး၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှ တစ်ဆင့် ကျွန်းများသို့ သွားရောက်ကြခြင်း ဖြစ်ကြောင်း သိရသည်။ ကော့သောင်းမြို့မှ ရေလမ်းခရီး တစ်ခုတည်းသာရှိပြီး စက်လှေများဖြင့် သွားရောက်လိုသည့် ကျွန်းများကို ပို့ဆောင်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်းစုမြို့နယ် အတွင်းမှာရှိတဲ့ ကျွန်းတွေထက်ကော့ သောင်းမြို့နယ် အတွင်းမှာရှိတဲ့ ကျွန်းတွေကို ခရီးသွားတွေ ပိုစိတ်ဝင်စားပါတယ်။ လမ်းပန်းခရီး အနေအထား၊ နိုင်ငံခြားသား ၀င်ရောက်မှု အနေအထားတွေနှင့်လည်း ဆိုင်ပါတယ်။


 မြိတ်ကနေ သွားမယ်ဆိုရင် လှေပေါ်တက်လိုက်တာနဲ့ ကျွန်းစုမြို့နယ်ကို အ၀င်ပြတဲ့အတွက် စာရွက်စာတမ်းတွေ ထပ်လုပ်ရမယ်။ ရေပြင်အနေအထားတွေ၊ လှပတဲ့ သဲသောင်တွေက ဒီဘက်မှာ ရှားနေပါတယ်။ ဒါကြောင့် ကော့သောင်းဘက်ကို ပိုပြီး စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။

 နောက်တစ်ခုက ဆလုံလူမျိုးတွေ နေထိုင်မှု ပုံစံတွေပေါ့ နိုင်ငံခြားသားတွေ လိုချင်တဲ့ပုံစံက သဘာဝအတိုင်း တည်ရှိနေတဲ့ အလှတွေပဲ ဖြစ်တယ်။ ဟိုတယ် အကောင်းစားတွေ၊ အထပ်မြင့် အဆောက်အအုံတွေက သူတို့အတွက် မလိုအပ်ပါဘူး။ ရှိရင်းစွဲ သဘာဝ အလှကို ထိန်းသိမ်းထားပြီး ခရီးသွားတွေကို ဆွဲဆောင်သင့်ပါတယ်'' ဟု ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းများကို သွားရောက် လေ့လာခဲ့သူ ကိုနိုင်က ပြောကြားခဲ့သည်။

လန်ပိအမျိုးသား အဏ္ဏ၀ါဥယျာဉ်ကြီး အပြင် ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့် ကျွန်းများလည်း များစွာရှိနေသေးပြီး တချို့ကျွန်းများမှာ လှပသော်လည်း လူသူအရောက် နည်းနေသည့် ကျွန်းများလည်း ရှိနေသေးကြောင်း သိရသည်။

EMG , RangonNewsDaily
kolatt(PBDN): 23.6.2013

0 comments:

Post a Comment